Sunday, December 14, 2008

ညခါးခါး

ဘယ်သူမှမကြိုက်ပါဘူး
ဒဏ်ရာတွေနဲ့ စုတ်ပြတ်သတ်နေတဲ့ဘဝ
ပူလောင်ရွံရှာစွာနဲ့ဖက်တွယ်နေရတဲ့ ညည်းညူမှုတွေ
အခါးပေါ် အခါးလောင်းတယ်
ဒါကိုခါးတယ်ပြောမိတာငါ့အမှားပါ

ဖြေရှင်းချက်ကကြိုးရှရှတစ်ချောင်းလို
ငါ့တစ်ကိုယ်လုံးပွတ်တိုက်ဆွဲသွားတယ်
သွေးရှင်ရှင်တွေအပေါ်လောင်းချခဲ့တာ
မူးရစ်စေတဲ့အရည်တွေ

ဟိုးအဝေးကမကြားတစ်ကြားအော်တယ်
ဘာသိဘာသာမနေဘဲငါလိုက်ရှာတယ်
ဟုတ်တယ်
နင်ပါဘဲ
မက်မောစွာပြေးလိုက်မိတော့
တောခြောက်တယ်
ထွက်လမ်းဆိုတာ ဒီဘ၀မှာမရှိတော့ဘူး

မနက်ဖြန်တွေက သေခြင်းမလာသရွေ့သေချာနေတယ်
ဒူးထောက်နေတာကျောက်ရုပ်တစ်ရုပ်လိုဘဲ
အမှိုက်တစ်ထုပ်လိုအပစ်ခံရမှာသိနေရက်နဲ့
ပန်းချီကားတစ်ချပ်လိုနေရာရချင်နေမိ
ဒါပေမဲ့ ငါသိတယ်
ငါ့ကိုရိုက်ချိုးမယ့်လက်တွေက
နင့်လက်နှစ်ဖက်စာမကဘူး

မသာလာကြည့်သလို
မျက်ရည်တစ်စက်နဲ့ခေါင်းရမ်းပြတာ
တစ်ရက်တာအတွက်ဘဲလေ
ဘယ်မလဲ လူတွေပြောတဲ့ မေတ္တာ၊သစ္စာ
ငါမိနေတာ ကျိန်စာ

နှလုံးသားမပါဘဲပြေးထွက်သွားတဲ့နေ့တွေ
အသက်တောင်ဘယ်လိုရှုရမှန်းမသိလောက်အောင်
ပင်ပန်းတယ်
ငါတွက်တတ်တဲ့ပုစ္ဆာကို နင်အဖြေမထွက်တာ
အံ့သြပါရဲ့
အေးလေ..
မိသားစုဆိုတဲ့ ဂဏန်းပေါင်းစက်ကို
ငါ့လို ရဲရဲမနှိပ်ဝံ့တာ
တစ်ကိုယ်ကောင်းဆန်စိတ်တွေ များနေလို့ထင်ပါရဲ့ ။ ။

No comments: