Wednesday, September 11, 2013

၃း၃၀

အတ္တတစ်ချို့ကို ဆုပ်ကိုင်ရင်း
ကို ခေါင်းရမ်းတယ်
မဖြစ်နိုင်ဘူးတဲ့ ။

ရမ္မက်တစ်ချို့ကို ပူလောင်စွာမျိုချရင်း
ကျွန်မ ခေါင်းရမ်းတယ်
မဖြစ်နိုင်ဘူးလို့။

မိန်းမတစ်ချို့ အပူအပင်ကင်းစွာ
ရယ်မောသွားကြတယ်
အသံလှိုင်းတစ်ချို့က
ကို့ ပါးပြင်ကို ဆော့ကစားသွားကြရဲ့။

ယောက်ျားတစ်ချို့ သီချင်းတစ်ခုကို
သံပြိုင်ဆိုလိုက်ကြလေရဲ့
ကျွန်မ ပြုံးလိုက်မိတယ်။

အဲ့ဒိမှာ အမှားတွေက
ခပ်သွက်သွက်လေး
စီးမျောပစ်လိုက်ကြတယ်
အတုအရောင်တွေကလဲ
အတုအရောင်ဝတ်စုံတွေ ထပ်ဝတ်လို့
အစစ်အမှန်တွေကလဲ
အတုအရောင်ဝတ်စုံတွေ ထပ်ဝတ်လို့

ကြယ်တွေကို ငေးကြည့်မယ်ပြောပြီး
ကျွန်မတို့ နေကာမျက်မှန်တွေ တပ်လိုက်ကြတယ်
မှောင်လို့.....
 ပြီးတော့ .. ကိုယ့်ကိုကိုယ်တောင်
မယုံကြည်တဲ့ နားလည်မှု အပိုင်းအစတွေနဲ့
ကိုယ့်မာနကိုယ် ကျောပိုးရင်း
အပြုံးတုတွေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်
ဘာမှမဖြစ်ခဲ့သလိုပေါ့
အချင်းချင်းလဲ ဆုမွန်ကောင်းတွေတောင်းလို့

အရင်တစ်ခါတုန်းကလို
မျက်ရည်ဝဲတဲ့ အကြည့်ဆုံဖြစ်ရင်
ခွင့်မတောင်းတဲ့ ပွေ့ဖက်မှုတွေ ပြန်ဖြစ်ရင်
..................
.....................

ဒီတစ်ခါတော့
ရုပ်ဆိုးပန်းဆိုးကြီးကို
ဝေးသွားကြတာဘဲ။

Sunday, January 17, 2010

ဝေးပြီး

ဘာလို့ ဓာတ်ပုံတွေမမြင်ချင်လဲဆို
အသိစိတ်က အမြင်နဲ့တင်
ကျွမ်းအောင်လွမ်းဖို့ လုံလောက်နေပြီလေ

ဘာလို့ အသံမကြားချင်လဲဆို
မနှစ်သက်ကြောင်းပြောသံလေးတွေကို
မှတ်ဥာဏ်က ထပ်ပြီးမသိမ်းဆည်းနိုင်လောက်အောင် များနေပြီလေ

ဘာလို့မဖြေရှင်းလဲဆို
နှလုံးသားနဲ့ စိတ်ဓာတ်က နလံမထူနိုင်အောင်
ပြိုကွဲပျက်စီးသွားပြီလေ

ဘာလို့ ပြုံးနေလဲဆို
အသက်ရှင်နေရသေးလို့လေ
ဘာလို့ အသက်ရှင်နေရသေးတာလဲဆို
ငါ.. မသေနိုင်သေးလို့ပေါ့ ချစ်လေးရယ်.. ။

Thursday, January 7, 2010

အမေ ...

လျှောက်လိုက်ရတဲ့လမ်းတွေ
လင်းလာလိုက် မှောင်သွားလိုက်နဲ့
စောင်းစောင်းကြီးလည်နေတဲ့ ကမ္ဘာပေါ်မှာလေ

အမေရယ်...
ခြေထောက်နှစ်ချောင်းက
တစ်နေရာနဲ့တစ်နေရာ မြန်မြန်ဆန်ဆန်ရောက်ဖို့
အရမ်းအသုံးဝင်တယ်ဆိုပေမဲ့
တစ်ခါတစ်လေတော့လည်း
ကျွန်မ မောလာပြီ

အမေ့မေတ္တာတွေနဲ့ သန္ဓေတည်လာတဲ့
မျက်လုံးလေးတွေ ၊ မျက်ကြည်လွှာလေးတွေက
သာယာတဲ့ လောကကြီးကို ကြည့်မြင်နိုင်ဖို့ဆိုပေမဲ့
တစ်ခါတစ်လေ...
အမေ့သမီး မျက်လုံးတွေမှိတ်၊ နားတွေပိတ်ပြီး
အိပ်ပျော်လိုက်ချင်တယ်အမေ...

အနှီးထုတ်ကလေးနဲ့တုန်းက
ကျွန်မကိုထွေးပွေ့ထားရင်း
ပါးပြင်နုနုကို ခပ်ဖွဖွလေးတို့ထိရင်း
အမေ့ သမီးအတွက်
မျှော်လင့်ချက်အိမ်မက်တွေ တသီကြီး မက်ခဲ့မယ်ဆိုတာ
ကျွန်မသိတာပေါ့ အမေရယ်...

ဟိုးအရင် ဆယ်စုနှစ်တွေက
ကလေးချော့တေးလေးတွေ
ကျွန်မညတွေမှာ ခပ်တိုးတိုး လွင့်မျောနေဆဲပါ...

လူလားမြောက်လာတဲ့
အရာရာကို တတ်သိနေပြီလို့ထင်တဲ့
အမေ့သမီး အတွက် အမေ အမြဲ ဂုဏ်ယူနေပေမဲ့
တစ်ချို့လူတွေကတော့
ပါးမွှားတစ်ကောင်ကို ဖိခြေသတ်သလို
ကျွန်မ ကို အိမ်မက်ဆိုးတွေ ပေးတယ် အမေရယ်..

အလိုမကျမှုတွေကြုံတိုင်း
ဆူပူသောင်းကျန်းတတ်တဲ့ ကျွန်မကို
ခခယယ အပြုံးနဲ့ အမေ အမြဲ စိတ်ချမ်းသာအောင်လုပ်ပေးတတ်ပေမဲ့
အခု...
ကျွန်မ ဒူးထောက်ခေါင်းငုံ့နေတာတောင်
တစ်ချို့လူတွေက အနိုင်ပိုင်းချင်သေးတယ် အမေရယ်...

အမေနဲ့ ဝေးတဲ့အချိန်
အထီးကျန်ပေမဲ့
မပြည့်စုံပေမဲ့
ဘ၀က ခါးသက်ပေမဲ့
ခနခန လဲကျပေမဲ့
......
ကျွန်မ ကြိုးစားပါ့မယ်

အမေ နှစ်မြှုပ်ခဲ့တဲ့ နှစ်တွေအတွက်
အမေ ပေးဆပ်ခဲ့တဲ့ အရာတွေအတွက်
အမေ မျှော်လင့်ခဲ့တဲ့ အိမ်မက်တွေအတွက်

အမေ ကျွန်မကို ထွေးပွေ့ခဲ့သလို
အမေ ကျွန်မအတွက် ကာကွယ်ခဲ့သလို

အမေ့ကို ကျွန်မ စောင့်ရှောက်ချင်တယ်... ။ ။

Wednesday, November 4, 2009

ဧပြီဖူးလ်

ချစ်သူ
ဧပြီလတစ်ရက်နေ့ကို
မလှုပ်နှိုးလိုက်ပါနဲ့နော်

ငါ့ညက
ကြယ်တွေတဖြုတ်ဖြုတ်ကြွေလို့
လလည်းမလင်းတော့လို့ပါ


တောင်ဝင်ရိုးစွန်းက
မှိန်တိန်တိန်နဲ့ တစ်စင်းတည်း
ကျန်ရစ်တဲ့ ကြယ်



နင်ဧပြီတစ်ရက်နေ့ကို
လှုပ်နှိုးလိုက်ရင်
ကြွေသွားလိမ့်မယ်


သူ့အရှိန်နဲ့သူလင်း
မပြည့်စုံတဲ့ ညတွေမှာ
ငါ့ကောင်းကင်မော့ကြည့်လိုက်ရင်
အလင်းတစ်စက်ဘဲရှိလဲ ကျေနပ်တယ်



ဧပြီလ တစ်ရက်နေ့ကို
မလှုပ်နှိုးပါနဲ့နော်..



ဆေးခါးခါးပက်ခဲ့တဲ့ မနေ့မနက်တွေအတွက်လဲ
ငါဗွေမယူပါဘူး..

အခေါင်းထဲ သံရိုက် မြေမြုပ်ထည့်လိုက်သလို
သေသွားတဲ့ မနက်ဖြန်တွေအတွက်လည်း
ငါ... ငါလေ.. မမုန်းတီးပါဘူး



ဧပြီလ တစ်ရက်နေ့ကိုသာ
မလှုပ်နှိုးလိုက်ပါနဲ့ ချစ်သူ...


ကြိုက်တဲ့အရပ်ကို ဦးတည်
ငါမပါဘဲ ပျံသန်းလိုက်ပါ
အုပ်စုလိုက်ဖြစ်ဖြစ်ပေါ့
လေဟုန်ခွင်းသံတွေက
ငါ့တစ်ရက်နေ့လေးကို မဖျက်ဆီးမိရင်
ကျေနပ်ပါတယ်



ငါတို့မှုတ်သွင်းခဲ့တဲ့
ပုတ်အဲ့အဲ့ ပူပေါင်းတစ်လုံးမှာ
ဖဲကြိုးလှလှလေးတွေအများကြီးရှိတာ
ချစ်သူ မသိသွားဘူး ထင်ပါရဲ့

နေ့စွဲတွေအားလုံးကို
မြေလှန်ပြီး
သူ့တန်ဖိုးနဲ့သူ နေရာချထားကြေးဆို...

ငါ့တစ်ရက်နေ့လေးကို
ဘယ်ဘက်ရင်အုံထဲမှာ ဖွက်ထားချင်တယ်

..................

ချစ်သူရေ....
တစ်နေ့နေ့မှာများ
အချစ်သုံ့ပန်းငါ့ကို
ကွပ်မျက်မယ်ကြံရင်
ငါလည်စင်းသာ ခံပါရစေ
ရင်ခွင်အသည်း မကွဲမကြေ သေပါရစေ
ရင်ခွင်အသည်း မကွဲမကြေ သေပါရစေ ချစ်သူရေ ။ ။

ထွက်ခွာခြင်း

အမြင့်ကြီးကခုန်ချ
လေဟုန်စီးရတာ
အသဲကျင်စက်နဲ့ အတို့ခံရသလိုဘဲ
အဲ့ဒါ...
နင်နဲ့စီးဘူးတဲ့ ပင်လယ်ဓားပြလှေနဲ့တူတယ်
ဘေးမှာ ရယ်သံလေးတောင်ကြားမိသလိုဘဲ
ကိုယ့်ဘ၀ကိုယ် ခတ်ကြမ်းကြမ်းဆွဲပိတ်လိုက်တာတောင်
ချစ်သူနှုတ်ခမ်းဖျားက ဖိကပ်လိုက်သေးတယ်
(ငါ့ဆန္ဒနဲ့ငါရယ်ပါ)
ကောင်းရာသုဂတိလားပါစေ။

ငါ့မှာ နင် မရှိဘူး

စိတ်နုရင် တစ္စေခြောက်သလောက်သာ
ခံစားရမယ့်အတိတ်
မင်း ဒေါ်လာဆယ်သန်းပေးတောင်
ပြန်ရမှာမဟုတ်တဲ့အတိတ်
ဘာကြောက်စရာလိုတုန်း
ဆိုတဲ့စကား အနောက်မှာ...


အတိတ်ကြမ်းပြင် အနမ်းတွေ ပြန့်ကျဲနေပစေ
မြက်ခင်းစိမ်းပေါ်က
ဧပြီ်ဖူး ညက ပြန်မလာဘူး

ဘူတာရုံဘေးက မျက်ရည်တွေလဲ
အငွေ့ပျံသွားလို့ ရှာမတွေ့တော့ဘူး

ဖွယ်ဖွယ်ရာရာ ချက်ထားခဲ့တဲ့
ညနေစာတွေလဲ
မရှိတော့ဘူး

နင်နေမကောင်းရင်
အချစ်နဲ့ရောပြီးချက်ထားတယ်ဆိုတဲ့
ကြက်သားဆန်ပြုတ်လဲ မရှိဘူး

ငါ့မနက်တွေမှာ
မိုင်လို စက္ကူဗူးတွေမရှိဘူး

ကလေးကစားကွင်းထဲက
ရုပ်ရှင်တစ်ကွက် မရှိဘူး

တာနာမစ်ရာမရှိဘူး
ချန်ဂီ ဘီခ်ျ မရှိဘူး
ဘီယာ ပုလင်းခွံတွေမရှိဘူး
ဘယ်သူမှမရှိတဲ့ အခန်းလွတ်တစ်ခုလည်းမရှိဘူး

အောချက်လမ်းမကြီးမရှိဘူး
တွဲထားတဲ့လက်တွေမရှိဘူး
ငါချစ်တဲ့ မျက်စိလေးတစ်စုံမရှိဘူး

ချန်ဂီလေဆိပ်မရှိဘူး
အိပ်စပိုကအလုပ်ရုံမရှိဘူး

ဓာတ်ပုံတွေမရှိဘူး
ဗွီဒီယိုချက်လဲမရှိဘူး
ခနခန တော့ပ်အပ် လုပ်ရတဲ့ ဖုန်းကဒ်တွေမရှိဘူး

ငါ့မှာအတိတ်မရှိဘူး..
အင်း...
မီးရှိလား ၊ လမ်းရှိလားမသိဘူး
ဘာကိုမှ မကြည့်ရဲတော့လို့
မှိတ်ထားတဲ့ မျက်စိတွေနဲ့
ဝတ္တရားအရ သွားနေတဲ့ ခြေထောက်တစ်စုံတော့ရှိတယ်။

Thursday, October 29, 2009

သက်ပြင်း

အခန်းထဲမှာ အောက်စီဂျင်တွေ
ပြတ်ကုန်ပြီလားမသိ
ရင်တွေကခုန်နေတယ်
လက်တွေကတုန်နေတယ်
မောလျှစွာနဲ့ လိုက်ရှုနေတဲ့ လေတွေမှာ
အတိတ်တစ်ချို့က ကပ်ပါလာတယ်....
သူတို့ ဘယ်ဘက်ရင်အုံကို လှိုက်စားပြီး
လှိုက်စားပြီး .............

အသံတွေပြန်ကြားမိတယ်...
" ကိုယ်တို့ကအစတည်းကမှမဖြစ်နိုင်တာ"
"ကိုယ့်မိသားစုကအရေးအကြီးဆုံး"
"နောက်ဆိုအရာရာပြောင်းလဲပြီးနေသားကျသွားလိမ့်မယ်"
"စိတ်ညစ်စရာတွေတွေးမနေနဲ့ .. ပျော်ပျော်သာနေ" ........

ဟုတ်ကဲ့ ....
ကျွန်မ ရင်နာနာနဲ့ ပြုံးခဲ့ပါတယ်
မသိချင်ယောင်ဆောင်ပြီး " အ" ခဲ့ပါတယ်
ကိုယ့်ဦးဏှောက်မှကိုယ်အားမနာ
မုန်းမရဆိုမှဟုတ်ကာ
အရှုံးသမားဘ၀ကို
ဂုဏ်တက်လို့ပျော်
ပျော်.... လိုက်တာများ
အဆိပ်တွေကိုတောင်
မြိန်ရေရှက်ရေနဲ့
ဒုက္ခဆိုတဲ့စာလုံးကို
ကံကြမ္မာက သူနဲ့တွဲပြီး
ချပေးခဲ့ရင် ..
ကျွန်မအတွက်တော့ သုခ တွေဖြစ်ကုန်တယ် ..
မက်မောစွာ ပျော်ရွှင်စွာနဲ့
မြှော်လင့်ရတဲ့ သုခ လေးတွေပေါ့... ။ ။