Wednesday, November 4, 2009

ဧပြီဖူးလ်

ချစ်သူ
ဧပြီလတစ်ရက်နေ့ကို
မလှုပ်နှိုးလိုက်ပါနဲ့နော်

ငါ့ညက
ကြယ်တွေတဖြုတ်ဖြုတ်ကြွေလို့
လလည်းမလင်းတော့လို့ပါ


တောင်ဝင်ရိုးစွန်းက
မှိန်တိန်တိန်နဲ့ တစ်စင်းတည်း
ကျန်ရစ်တဲ့ ကြယ်



နင်ဧပြီတစ်ရက်နေ့ကို
လှုပ်နှိုးလိုက်ရင်
ကြွေသွားလိမ့်မယ်


သူ့အရှိန်နဲ့သူလင်း
မပြည့်စုံတဲ့ ညတွေမှာ
ငါ့ကောင်းကင်မော့ကြည့်လိုက်ရင်
အလင်းတစ်စက်ဘဲရှိလဲ ကျေနပ်တယ်



ဧပြီလ တစ်ရက်နေ့ကို
မလှုပ်နှိုးပါနဲ့နော်..



ဆေးခါးခါးပက်ခဲ့တဲ့ မနေ့မနက်တွေအတွက်လဲ
ငါဗွေမယူပါဘူး..

အခေါင်းထဲ သံရိုက် မြေမြုပ်ထည့်လိုက်သလို
သေသွားတဲ့ မနက်ဖြန်တွေအတွက်လည်း
ငါ... ငါလေ.. မမုန်းတီးပါဘူး



ဧပြီလ တစ်ရက်နေ့ကိုသာ
မလှုပ်နှိုးလိုက်ပါနဲ့ ချစ်သူ...


ကြိုက်တဲ့အရပ်ကို ဦးတည်
ငါမပါဘဲ ပျံသန်းလိုက်ပါ
အုပ်စုလိုက်ဖြစ်ဖြစ်ပေါ့
လေဟုန်ခွင်းသံတွေက
ငါ့တစ်ရက်နေ့လေးကို မဖျက်ဆီးမိရင်
ကျေနပ်ပါတယ်



ငါတို့မှုတ်သွင်းခဲ့တဲ့
ပုတ်အဲ့အဲ့ ပူပေါင်းတစ်လုံးမှာ
ဖဲကြိုးလှလှလေးတွေအများကြီးရှိတာ
ချစ်သူ မသိသွားဘူး ထင်ပါရဲ့

နေ့စွဲတွေအားလုံးကို
မြေလှန်ပြီး
သူ့တန်ဖိုးနဲ့သူ နေရာချထားကြေးဆို...

ငါ့တစ်ရက်နေ့လေးကို
ဘယ်ဘက်ရင်အုံထဲမှာ ဖွက်ထားချင်တယ်

..................

ချစ်သူရေ....
တစ်နေ့နေ့မှာများ
အချစ်သုံ့ပန်းငါ့ကို
ကွပ်မျက်မယ်ကြံရင်
ငါလည်စင်းသာ ခံပါရစေ
ရင်ခွင်အသည်း မကွဲမကြေ သေပါရစေ
ရင်ခွင်အသည်း မကွဲမကြေ သေပါရစေ ချစ်သူရေ ။ ။

ထွက်ခွာခြင်း

အမြင့်ကြီးကခုန်ချ
လေဟုန်စီးရတာ
အသဲကျင်စက်နဲ့ အတို့ခံရသလိုဘဲ
အဲ့ဒါ...
နင်နဲ့စီးဘူးတဲ့ ပင်လယ်ဓားပြလှေနဲ့တူတယ်
ဘေးမှာ ရယ်သံလေးတောင်ကြားမိသလိုဘဲ
ကိုယ့်ဘ၀ကိုယ် ခတ်ကြမ်းကြမ်းဆွဲပိတ်လိုက်တာတောင်
ချစ်သူနှုတ်ခမ်းဖျားက ဖိကပ်လိုက်သေးတယ်
(ငါ့ဆန္ဒနဲ့ငါရယ်ပါ)
ကောင်းရာသုဂတိလားပါစေ။

ငါ့မှာ နင် မရှိဘူး

စိတ်နုရင် တစ္စေခြောက်သလောက်သာ
ခံစားရမယ့်အတိတ်
မင်း ဒေါ်လာဆယ်သန်းပေးတောင်
ပြန်ရမှာမဟုတ်တဲ့အတိတ်
ဘာကြောက်စရာလိုတုန်း
ဆိုတဲ့စကား အနောက်မှာ...


အတိတ်ကြမ်းပြင် အနမ်းတွေ ပြန့်ကျဲနေပစေ
မြက်ခင်းစိမ်းပေါ်က
ဧပြီ်ဖူး ညက ပြန်မလာဘူး

ဘူတာရုံဘေးက မျက်ရည်တွေလဲ
အငွေ့ပျံသွားလို့ ရှာမတွေ့တော့ဘူး

ဖွယ်ဖွယ်ရာရာ ချက်ထားခဲ့တဲ့
ညနေစာတွေလဲ
မရှိတော့ဘူး

နင်နေမကောင်းရင်
အချစ်နဲ့ရောပြီးချက်ထားတယ်ဆိုတဲ့
ကြက်သားဆန်ပြုတ်လဲ မရှိဘူး

ငါ့မနက်တွေမှာ
မိုင်လို စက္ကူဗူးတွေမရှိဘူး

ကလေးကစားကွင်းထဲက
ရုပ်ရှင်တစ်ကွက် မရှိဘူး

တာနာမစ်ရာမရှိဘူး
ချန်ဂီ ဘီခ်ျ မရှိဘူး
ဘီယာ ပုလင်းခွံတွေမရှိဘူး
ဘယ်သူမှမရှိတဲ့ အခန်းလွတ်တစ်ခုလည်းမရှိဘူး

အောချက်လမ်းမကြီးမရှိဘူး
တွဲထားတဲ့လက်တွေမရှိဘူး
ငါချစ်တဲ့ မျက်စိလေးတစ်စုံမရှိဘူး

ချန်ဂီလေဆိပ်မရှိဘူး
အိပ်စပိုကအလုပ်ရုံမရှိဘူး

ဓာတ်ပုံတွေမရှိဘူး
ဗွီဒီယိုချက်လဲမရှိဘူး
ခနခန တော့ပ်အပ် လုပ်ရတဲ့ ဖုန်းကဒ်တွေမရှိဘူး

ငါ့မှာအတိတ်မရှိဘူး..
အင်း...
မီးရှိလား ၊ လမ်းရှိလားမသိဘူး
ဘာကိုမှ မကြည့်ရဲတော့လို့
မှိတ်ထားတဲ့ မျက်စိတွေနဲ့
ဝတ္တရားအရ သွားနေတဲ့ ခြေထောက်တစ်စုံတော့ရှိတယ်။

Thursday, October 29, 2009

သက်ပြင်း

အခန်းထဲမှာ အောက်စီဂျင်တွေ
ပြတ်ကုန်ပြီလားမသိ
ရင်တွေကခုန်နေတယ်
လက်တွေကတုန်နေတယ်
မောလျှစွာနဲ့ လိုက်ရှုနေတဲ့ လေတွေမှာ
အတိတ်တစ်ချို့က ကပ်ပါလာတယ်....
သူတို့ ဘယ်ဘက်ရင်အုံကို လှိုက်စားပြီး
လှိုက်စားပြီး .............

အသံတွေပြန်ကြားမိတယ်...
" ကိုယ်တို့ကအစတည်းကမှမဖြစ်နိုင်တာ"
"ကိုယ့်မိသားစုကအရေးအကြီးဆုံး"
"နောက်ဆိုအရာရာပြောင်းလဲပြီးနေသားကျသွားလိမ့်မယ်"
"စိတ်ညစ်စရာတွေတွေးမနေနဲ့ .. ပျော်ပျော်သာနေ" ........

ဟုတ်ကဲ့ ....
ကျွန်မ ရင်နာနာနဲ့ ပြုံးခဲ့ပါတယ်
မသိချင်ယောင်ဆောင်ပြီး " အ" ခဲ့ပါတယ်
ကိုယ့်ဦးဏှောက်မှကိုယ်အားမနာ
မုန်းမရဆိုမှဟုတ်ကာ
အရှုံးသမားဘ၀ကို
ဂုဏ်တက်လို့ပျော်
ပျော်.... လိုက်တာများ
အဆိပ်တွေကိုတောင်
မြိန်ရေရှက်ရေနဲ့
ဒုက္ခဆိုတဲ့စာလုံးကို
ကံကြမ္မာက သူနဲ့တွဲပြီး
ချပေးခဲ့ရင် ..
ကျွန်မအတွက်တော့ သုခ တွေဖြစ်ကုန်တယ် ..
မက်မောစွာ ပျော်ရွှင်စွာနဲ့
မြှော်လင့်ရတဲ့ သုခ လေးတွေပေါ့... ။ ။

မဝေးချင်ဘူး

တကယ်ဆိုဘာလို့ဝေးရမှာလဲဟင်
အကြောင်းပြချက်က
မလှမပနဲ့
ပြင်ဆင်မရတဲ့ အရာတစ်ခုကို
လူရယ်လို့ဖြစ်လာကတည်းက
ကံတရားကထည့်ပေးလိုက်တာလား
လူမျိုးမတူဘူးဆိုတာ
ငါမကျုးလွန်မိဘဲ ငါခံနေရတဲ့ အပြစ်
သေမိန့်ချခံရပြီးသားလူတစ်ယောက်လို
မနက်ဖြန်တွေက သေနေပြီးသား
ဟုတ်တယ်...
ရယ်သံတွေမှာ စိုးရွံ့မှုတွေ
ကပ်ညှိနေတယ်
အကြည့်တွေမှာ
မက်မောမှုတွေနဲ့
အနမ်းတွေမှာ
မျက်ရည်တွေစိုတယ် ....
ဖက်တွယ်ထားရတဲ့အချိန်တွေကို
သေမလောက်မြတ်နိုးတယ်
ငါတို့ဆုံတဲ့ တစ်လမှာလေးရက်
ငါ့ကမ္ဘာချိုတယ်
မိဘဆိုတဲ့အလွှာအောက်မှာ
နင်စုံလုံးကန်းပြီး
ငါ့ကိုကန်မယ်ဆိုတယ်
ချစ်လေး...
တစ်ချက်တော့ပြန်တွေး
ဘယ်သူများငါ့လိုချစ်နိုင်လဲ
ဆွေးလွန်းလို့ ရင်တောင်အောင့်တယ်
စတွေ့တဲ့မိုးက လေးပတ်ပြန်လည်တော့မယ်
အတွေးမှားပြီးပြေးသွားတဲ့နေ့တွေ
ရှိခဲ့တာမှန်ပေမဲ့
အဲ့ဒိအချိန်တွေမှာ နင့်နံမည်ကြားရင်တောင်
အသွေးအသားတွေ
ဟန်ချက်ပျက်ကုန်တယ်
ဆယ့်ခြောက်နှစ်က ရင်ခုံသံက
ခုထိမှန်တုန်း
အချစ်ကစားပွဲတွေမှာ
အနှိုင်၊ အရှုံး ခေါင်းပန်းလှန်ကြေးဆို
အပင်ပန်းမခံနဲ့
ငါပေးမဲ့အရှုံးကိုသာ
ခေါင်းတစ်ချက်ညိမ့်ပေး ။ ။

Wednesday, October 28, 2009

နှုတ်ဆက်ခန်း

မာနတစ်ခွဲသားနဲ့ တစ်ယောက်အပြစ်တစ်ယောက်ရှာပြီး
ဘ၀တွေဖြတ်ဖြတ်ရိုက်ပစ်ဖို့ဆိုတာ
ငါတို့တွေက စစ်တိုက်နေတာမှမဟုတ်တာ...

သွေးမတော်သားမစပ် လူနှစ်ယောက်
တစ်သားထည်းမကျနိုင်ရင်တောင်
ချစ်သူ...
နှလုံးသားလေး နည်းနည်းပျော့ပျောင်းလှည့်ပါကွယ်...

မဝေးသေးတဲ့ အတိတ်တစ်ချို့
ထမင်းလုံးတစ္စေခြောက်မှာ မကြောက်ဘူးလား
မဝေးတော့တဲ့ အနာဂတ်မှာ
တိုက်ဆိုင်တိုင်း သတိရမိမှာ မစိုးရိမ်ဘူးလား...

ချစ်သူရယ်..
တကယ်ဆို ဘာကိုအလိုရှိနေတာလဲ
ငါတို့နှစ်ယောက် ပေါင်းစည်းဖို့က
နားလည်မှု၊ ကူညီဖေးမမှုနဲ့ ချစ်ခြင်းတွေသာ
ဖောဖောသီသီသုံးနိုင်ဖို့လိုတာပါ...

နှုတ်ဆိတ်လို့အဝေးကိုလှမ်းနေတဲ့ နင့်ကို
စကားတွေလိုက်လိုက်ပြောပြီးခေါ်နေရတာ
ရက်ပေါင်းသုံးရာနီးနီးရှိပေါ့...

ထားခဲ့ရက်လို့ထားခဲ့တာဆိုပေမဲ့
နေမယ်ဆိုလဲ ချစ်သူပျော်ဖို့အတွက်သာ
ငါအမြဲကြိုးစားတတ်တာ
နင်သိရက်နဲ့ဟာ....

အရှေ့တိုးရင် နှလုံးသားကို ဓားနဲ့စိုက်မယ်
အနောက်ဆုတ်ရင် နှလုံးသားကို မီးနဲ့မြှိုက်မယ်ဆိုတဲ့
ကံကြမ္မာရဲ့ ရွေးချယ်ခွင့်နှစ်ခုကြားမှာ
ငါနာကျင်နေတုန်း
သာသာယာယာလေး ထွက်ခွာနေတဲ့ချစ်သူကို
အံ့သြမှု၊ ယူကြုံးမရဖြစ်မှုတွေနဲ့
တိုးတိုးလေးဘဲ နှုတ်ဆက်လိုက်ပါရစေ
"ချစ်သူကံကောင်းပါစေ" ..... လို့ ။

Sunday, October 25, 2009

ရန်ကုန်ကို လွမ်းပါသည်

ကျွန်မထိုင်နေတဲ့ ကော်ဖီဆိုင်လေးရဲ့ တစ်ဖက်တစ်ချက် မှန်ပြတင်းပေါက်တွေကနေ မော့ကြည့်လိုက်ရင် ပြာလဲ့လဲ့ကောင်းကင်ကြီး အထဲမှာ တိမ်တိုက်ဖြူဖြူတွေ ညိမ့်ညိမ့်လေး စီးမြောလို့။

ကမ္ဘာမြေတစ်ဖက်ခြမ်းက အဲ့ဒိကောင်းကင်ကြီး အောက်တစ်နေရာမှာဘဲ ကျွန်မရဲ့ မွေးရပ်မြေရှိတယ်လေ။ အဲ့ဒိမြေပေါ်မှာ ကျွန်မဘ၀ရဲ့ အစဦးပိုင်းက ခြေရာလေးတွေရှိတယ်။ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ ကလေးဘ၀က အတိတ်ပုံရိပ်တစ်ချို့လည်း ရှိတယ်။ ကျွန်မရဲ့ နွေးထွေးတဲ့ မိသားစု အရိပ်အမြုံလေးလည်း ရှိတယ်။

အခုအချိန်လောက်ဆို အသက်ကိုးဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျွန်မအဖွားဟာ အိမ်ရှေ့ခန်းတစ်နေရာမှာ သူနှစ်သက်တဲ့ စာအုပ်တွေဖတ်နေမလား။ ဒါမှမဟုတ် သူ့ရဲ့ စန္ဒရားလေးနဲ့ သီချင်းတွေတီးနေမလား။ အမေကကော မီးဖိုချောင်ထဲမှာဘဲ အချိန်ကုန်နေမလား။ အိမ်သန့်ရှင်းရေးတွေနဲ့ဘဲ ပင်ပန်းနေမလားမသိ။ မောင်လေးတွေကော ကျောင်းသွားနေကြမလား။ အိမ်မှာဘဲ ဂိမ်းဆော့ နေကြမလား။

သြော်.. ဟိုဒီမှန်းဆ တမ်းတပြီး လွမ်းတယ်။ အမြဲတမ်းအသက်ဝင် လှုပ်ရှားနေတဲ့ အိမ်ရှေ့က ရွှေဂုံတိုင်လမ်းမကြီးကို လွမ်းတယ်။ အိမ်နောက်က ရခိုင်မုန့်တီနဲ့ ၀က်သားဒုတ်ထိုးကို လွမ်းတယ်။ အဆင်မပြေဘူး ပြောနေကြပေမဲ့ ကျွန်မလေ.. ကျွန်မရဲ့ ရန်ကုန်ကိုလွမ်းတယ်။

ပြက္ခဒိန်တွေကဘဲ ကျွန်မကို ထိန်းချုပ်ထားတာလား။ ကျွန်မကိုယ်တိုင်ကဘဲ ကိုယ့်ဘ၀ကိုယ် ဘောင်ခတ်မိထားတာလား မသိ။ အတွေးပေါင်းစုံချာချာလည်လို့ ကောင်းကင်ပေါ်မော့ကြည့်နေတဲ့ ခေါင်းကို ပြန်တည့်မတ်လိုက်တော့ ဟော... ရန်ကုန်မဟုတ်တဲ့ မြို့ပြဘ၀က သူ့ဟာသူ အလုပ်များနေရင်းက ကျွန်မကို ဘာငေးငိုင်နေတာတုန်း ဆိုတဲ့ ပုံစံနဲ့ လက်ရှိဘ၀ထဲ ပြန်ဆွဲခေါ်တယ်။ အိမ်လွမ်းတာတောင် နာရီကြည့်လွမ်းရတယ်။ ကောင်းရော။

Monday, September 28, 2009

တောင်ဝင်ရိုးစွန်းဧ။် ဒိုင်ယာရီ

ပြုံးတယ်ဆိုတာ စိတ်ချမ်းသာလို့၊ ပျော်လို့၊ သဘောကျလို့။ ဒါက သဘောရိုးသက်သက်နဲ့ပြုံးတာ။ တစ်ဖြည်းဖြည်းနဲ့သေချာစဉ်းစားမယ်ဆို မနာလိုပြုံး၊ ကောက်ကျစ်ပြုံး၊ စိတ်နာတဲ့အပြုံး၊ အားငယ်တဲ့အပြုံး အစရှိသဖြင့်ပေါ့နော် အပြုံးတွေက အများကြီးရယ်။ ဘ၀က ကြမ်းလာရင် အပြုံးသစ်တွေလဲ အများကြီးပြုံးတတ်လာကြတယ်။ အပြုံးအသစ်တွေရဲ့ အဓိပ္ပါယ် တွေကိုလဲ ဘယ်သူမှမသင်ဘဲ ဖတ်တတ်လာကြတယ်။

အခုတစ်လော ကျွန်မတော်တော်ပြုံးဖြစ်တယ်။ ကိုယ်ပိုင်အိမ်မက်တွေ အားလုံးပျက်စီးသွားပြီးမှ လက်ရှိဘ၀နဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြုံးပြုံးပြရတဲ့အပြုံး။ ကိုယ်ပိုင်အိမ်မက်ဆိုတာ ကိုယ်နဲ့ဘဲ သက်ဆိုင်တဲ့ အိမ်မက်ကိုပြောတာလေ။ မိသားစုအတွက်၊ အခြားသောသူတွေအတွက် မက်ရတဲ့အိမ်မက်မျိုးမဟုတ်ဘဲ ကိုယ့်ဘ၀လေးအတွက်ကိုယ် ယုယုယယ အစီအစဉ်တကျနဲ့ မက်ထားရတဲ့အိမ်မက်မျိုးလေးပေါ့။

ကျွန်မရဲ့ အသက်မပါတဲ့ (ပျော်ရွှင်မှုမပါတဲ့) အပြုံးတွေက နှုတ်ခမ်းထောင့်စွန်းနှစ်ခုကို ဆွဲဆန့်ထားသလိုမျိုး မသက်မသာကြီးပေါ့။ ရင်ထဲမှာ နာနေပြီး မချိပြုံးလဲ ပြုံးဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အပြုံး၊ ခနခန ရိုက်ခတ်လာတဲ့ လောကဒဏ်တွေကို လက်မြှောက်အရှုံးပေးပြီး အရာအားလုံး စွန့်လွှတ်လိုက်ရတဲ့အပြုံး။ အဲ့ဒိအပြုံးတွေ ပြုံးနေရတဲ့ ကျွန်မကိုယ်ကျွန်မ စိတ်ပျက်စွာ၊ စိတ်နာစွာနဲ့ ပြန်ပြုံးပြတတ်သေးတယ်။

ကိုယ့်ဘ၀ကိုယ်စဉ်းစားရင်း မဆီမဆိုင် ကားတိုက်ခံရလို့ ဖင်တရွတ်တိုက်ဆွဲပြီး သွားနေရတဲ့ ခွေးတစ်ကောင်ရဲ့ဘ၀ကိုတွေးရင်း သနားနေမိတယ်။ ဟိုတစ်လောက ရုတ်တရက် ဆုံးသွားတဲ့ ဦးလေးတစ်ယောက်အကြောင်း စဉ်းစားရင်း သူ့ကို အားရ၀မ်းသာ လက်ဆွဲနှုတ်ဆက်ပြီး "အောင်မြင်သွားပြီပေါ့နော်" လို့ပြောလိုက်ချင်တယ်။ ခက်တာက အောက်ပိုင်းသေနေတဲ့ ခွေးတစ်ကောင်လို ချောင်တစ်ချောင် ကပ်ပြီး မှိန်းနေလို့လည်းမရဘူး။ သေတယ်ဆိုတာကလည်း လှိုက်လှိုက်လဲလဲ တမ်းတနေတုန်း ကိုယ့်ဆီတန်းတန်းမက်မက် ရောက်လာမှာမဟုတ်သေးပါဘူးလေ။

အင်း.. သေတယ်ဆိုတာတောင် အခုချိန်တကယ်သေရရင် စိတ်ဖြောင့်အုံးမှာမဟုတ်ပါဘူး။ သံယောဇဉ်တွေ၊ အနှောင်အဖွဲ့တွေထက်စာရင် ကိုယ့်ကိုကိုယ် လူ့တာဝန်မကျေသေးဘူးထင်လို့။ ကြီးကြီးမားမားကြီးတွေ ကြွေးကျော်ပြီး ကမ္ဘာ့ဒုက္ခသယ်တွေ ကယ်ဆယ်မယ် ဘာရယ် ညာရယ်တော့မဟုတ်ဘူးပေါ့။ နှစ်ဆယ့်တစ်နှစ်စာ တည်းခိုခ လောကကြီးကို တစ်ခုခုပြန်ပေးချင်ရုံသက်သက်ပါ။

တစ်ချို့ တစ်ချို့တွေက ပြောတယ်။ လူ့ဘ၀ကို အညွှန့်တလူလူနဲ့ တက်ရမယ့်အချိန် ဘာလို့ဒီလောက်တောင် ညှိုးနွမ်း ပျက်စီးနေရတာလဲတဲ့။ သူတို့မသိဘူး.. ။ ဒီအပင်က အပင်ပေါက်ကတည်းက ရေနွေးပူပူနဲ့ ခနခန လောင်းခံထိတယ်လေ..။ ဖြစ်နိုင်ရင်တော့.. ကျွန်မလဲ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အေးမြတဲ့ သစ်ပင်တစ်ပင် ဖြစ်ချင်တာပေါ့လေ..။ ဘယ်သူနားလည်ပေးနိုင်မှာလဲ။

Saturday, August 15, 2009

ရေခဲရုပ်ကြွင်း

အသက်တွေကြီးလာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေအတွက် လုံလောက်တဲ့အကြောင်းပြချက်တွေကို ခံယူပုံခံယူနည်းတွေ ပြောင်းပြောင်းလာတတ်တယ်။ ငယ်ငယ်တုန်းကဆို လိုချင်တဲ့ ကစားစရာလေးတွေ မရရင်ကမ္ဘာကြီး ပျက်တော့မယ့်အတိုင်း ၀မ်းနည်းတယ်၊ ငိုတယ်၊ စိတ်ကောက်တယ်။ အခုလည်း ကျွန်မ ငိုကြွေးတတ်တုန်းပါဘဲ။ တစ်ယောက်တည်း ၀မ်းနည်းနေတတ်တုန်းပါဘဲ။ သက်မဲ့ပစ္စည်းလေးတွေကို လိုချင်တပ်မက်ရတာထက် သက်ရှိလူသားတွေကို လိုချင်တပ်မက်ရတာ ပိုပင်ပန်းပါတယ်။

လူတိုင်းမှာ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရှိတယ်ဆိုပေမဲ့ မိဘနဲ့သားသမီး၊ သမီးရည်းစားနဲ့ လင်မယားတွေ ကြားမှာ တစ်ခါတစ်လေ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အပြည့်အ၀ အသုံးမပြုသင့်တာမျိုးတွေရှိတယ်။ သူ့ဘက်က လိုအပ်တဲ့ စည်းအတိုင်းအတာနဲ့ ကိုယ့်ဘက်က ပေးနိုင်တဲ့ အတိုင်းအတာ ကွာဟနေရင် ပြဿနာတွေက တက်လာကော။

တစ်ခါတစ်လေကြရင် အများကြီး ချင့်ချိန်ရတယ်။ ကိုတောင်းဆိုတဲ့ အခွင့်အရေးတွေက သူ့ဘက်ကို တအားနစ်နာစေပြီး ကို့ရဲ့ Relationship အတွက်ကော အကျိုးရှိပါ့မလား။ ဒီအခွင့်အရေးတွေ မတောင်းဆိုမိရင် ဆိုးကျိုးတွေပိုဖြစ်လာနိုင်စေသလား။ အဘက်ဘက်က စဉ်းစားသင့်တယ်ထင်တယ်။

သာတူညီမျှတဲ့အခွင့်အရေးမရဘဲ တစ်ဘက်စောင်းနင်း ပေးဆပ်ရတာတွေများနေရင်တော့ အချိန်ကြာလာတာနဲ့အမျှ ပြဿနာကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။

အထူးသဖြင့် သမီးရည်းစားတွေမှာ ရိုးသားမှုက အရမ်းအရေးကြီးတယ်။ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိချင် ပိုနားလည်ချင်နေတဲ့အချိန်၊ တစ်ယောက်ဘ၀ထဲကို တစ်ယောက် ၀င်လာချင်တဲ့အချိန် စစ်မှန်တဲ့ ရိုးသားမှုမပေးနိုင်ရင် သူတို့ရဲ့ဆက်ဆံရေးကလည်း သာယာနိုင်မှာမဟုတ်ဘူး။

ကို့ဘက်က အမှားလို့မခံယူတဲ့အရာတွေက တစ်ဘက်လူဘက်ကနေကြည့်ရင် မဟာအမှားတွေဖြစ်နေပြန်တဲ့အခါတွေလည်းရှိတယ်။ အဲ့ဒိအချိန်မျိုးတွေမှာ အရိုးသားဆုံး၊ အမှန်အတိုင်း ကိုယ့်စိတ်ထဲရှိတာကို တစ်ဘက်လူနားလည်အောင် ပြောပြလိုက်တာက အကောင်းဆုံးဖြေဆေးဘဲ။ အဲ့လိုမှမဟုတ်ဘဲ ညာနေ၊ လိမ်နေမိတယ်ဆိုရင် အဲ့ဒိလူနှစ်ယောက်ကြားက ယုံကြည်မှုဟာ အနည်းနဲ့အများ ပျက်စီးသွားမှာဘဲ။

ကျွန်မ... မှားခဲ့တာတွေရှိမှာပါ။ ကိုယ့်အမှားကို အမှားမှန်းမသိဘဲ ကျူးလွန်မိတဲ့အပစ်တွေအတွက် လက်ညိုးငေါက်ငေါက်ထိုးပြီး စွပ်စွဲအပစ်တင်မယ်ဆိုလဲ ခံရမှာဘဲလေ... ဒါပေမဲ့.. ကျွန်မဘယ်လိုမှ မမြှော်လင့်တဲ့နည်းနဲ့ ကံကြမ္မာက ကလဲ့စားခြေတယ်ဆိုတော့... ကျွန်မဘယ်လိုဆုံးဖြတ်ရမှာလဲ။ ပိတ်ထားတဲ့ တံခါးတွေအများကြီးရှိတဲ့ နှလုံးသားတစ်ခုထဲ ၀င်ခိုင်းပြီး စစ်ဆေးကြည့်ပါ ခင်ဗျာ ဆိုတော့...

ဒီလမ်းကို ကျွန်မ ရှေ့ဆက်မသွားရဲတော့ဘူး။ အဲ့ဒိတော့ လူတွေကမေးကြတယ် နောက်ပြန်လှည့် အတိတ်ကိုမေ့ပြီး လမ်းသစ်ကို လျှောက်လှမ်းပါလားတဲ့။ ဟင့်အင်း.. ကျွန်မလေ နောက်ပြန်လှမ်းဖို့လဲ အားမရှိတော့ပါဘူး။ ကျွန်မသစ္စာတရားတွေနဲ့ ဒီနေရာဟာရေခဲတောင်တစ်ခုသာ ဖြစ်သွားမယ်ဆိုရင်လေ.. ရေခဲနံရံတွေကြားထဲမှာ ကျွန်မ ရုပ်ကြွင်းတစ်ခုအနေနဲ့သာ ရှိနေလိုက်ချင်ပါတော့တယ်။

Friday, April 10, 2009

ဖြောင့်ချက်

လူသားနှစ်ယောက် တစ်ဘ၀တည်းပေါင်းစည်းဖို့ဆိုတာ
ရိုးသားမှုတွေအများကြီးလိုတယ် ကိုရဲ့ ...
ရိုးသားမှုဆိုတာ ကိုယ့်ရဲ့အားသာချက်၊အားနည်းချက် အားလုံးကို
လက်တွဲဖော်နဲ့အတူ မျှဝေခံစားဖို့။

ငါ့ကိစ္စ၊ ငါ့အတ္တ ၊ ငါ့ဗီဇ ဆိုပြီး တံတိုင်းတွေအထပ်ထပ်နဲ့
ကိုယ့်အကြောင်းတွေကို ဖုံးကွယ်စတမ်းဆို
ကျွန်မတို့နှစ်ယောက်ကြား ယုံကြည်မှုဆိုတာ ဘယ်ရှိတော့မလဲ .. ။

ကျွန်မကို့ကို ယုံကြည်ချင်ပါတယ် ....
ကို့ကို နားလည်ပေးချင်ပါတယ်...
ကို့သူငယ်ချင်းမတွေကို ရင်ဖွင့်သလိုမျိုး ...
ကို့မိတ်ဆွေအပေါင်းအသင်းတွေပေါ် ရိုးသားသလိုမျိုး ....

ကို့အတိတ်တွေက ကျွန်မအတွက် မချိုမြိန်ဘူးထင်ရင်...
ပစ္စုပ္ပန်နဲ့အနာဂတ်ထဲ မခေါ်ဆောင်လာလှည့်နဲ့ပေါ့ ကိုရယ်...
ပြီးတော့ အဲ့ဒိ အတိတ်တွေထဲ ကို သွားမလည်ဘူးဆိုရင်
ကျွန်မအချစ်တွေ လျော့သွားစရာ ဘာအကြောင်းမှမရှိပါဘူး ...

ယောက်ျားတစ်ယောက်ဘ၀အတွက် ကိုယ်ချစ်တဲ့၊ကိုယ့်အပေါ်နားလည်ပြီးပေးဆပ်နိုင်တဲ့
မိန်းမတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလို့ ကိုခံယူရင်တော့
ကြိုးစားပြီး မေ့ပစ်ရုံကလွဲလို့ ကျွန်မဘာတတ်နိုင်အုံးမှာလဲ...

Monday, January 19, 2009

အမုန်းတွေကိုစားပြီး လူဖြစ်လာတဲ့ ငါက
အချစ်တစ်ခုကိုတွေ့တော့
အထူးအဆန်းတွေဖြစ်ပြီး သာယာ
ခေါင်းမာစွာ ပေကပ်စွာနဲ့
အဲ့ဒိအချစ်ကို ဖက်တွယ်ပြီး
အနေကြာ
တစ်ခြားကမ်းလင့်တဲ့လက်တွေကို
ယောင်လို့တောင်မရှာ
အချစ်ဦးလေးကို ရင်မှာအပ်ပြီး
မေးခွန်းတွေအတွက်
ပြင်ကာ နေတာ
ချစ်လေး ...
နင်ဟာငါ့ရဲ့ အာဒံလေးပါ
တူနှစ်ကို ချစ်ပွဲဝင်ဖို့
ကျိန်စာသင့်တဲ့ ပန်းသီးကိုလည်း
ငါစားမှာပါ
အဲ့ဒိစိတ်တွေနဲ့
ကဘေကမ္ဘာသေချာအောင်
နေမှာ ဆိုတဲ့ ငါ့ကို
အာဒံလေးက လာပြောတယ်
" သူ့နံရိုးပြန်ပေးပါ" တဲ့ ။ ။

Thursday, January 15, 2009

ဖယောင်းတွေလို
ငါ့ဘ၀ငါအရည်ကျိုပြီး
နင့်နှလုံးသားထဲမှာ
ပုံသွင်းအိပ်စက်ချင်လို့
...............
..........
တစ်ဘ၀လုံးစာပါ
ကောင်လေးရယ်..

ခေတ်စားနေတဲ့
အထာတွေ၊ မာယာတွေနဲ့
ရစ်ပါတ်ချည်နှောင်ဖို့
ငါ....
မ၀ံ့ရဲပေမဲ့ ....
အဖြူရောင်သက်သက်
ရင်ဘတ်ထဲက ရယ်သံတွေကိုတော့
ကြည်နူးတဲ့ အပြုံးတွေနဲ့အတူ
ဆက်သဖို့ဆိုရင်
ငါ.....
မသင်ဘဲ တတ်မြောက်လာသူပါ.....

ငါပြန်ရတဲ့ အပြုံးတွေဟာ
အတုတွေဆိုတာ...
ရင်ခုံလှိုက်မောစရာ စကားလေးတွေဟာ
(ခံစားချက်မဲ့စွာ)
လျှာဖျားကလာတယ်ဆိုတာ....
အဲ့ဒိနှုတ်ခမ်းလေးတွေက
မုသားတွေနဲ့လိမ်းကျံထားတယ်
ဆို တာ တွေ ကို
သိရက်နဲ့ ...
ငါ က
နမ်း.....ချင်.....တာ ။