Tuesday, December 16, 2008

အိမ်မက်များ (၅)

မပြိုင်ကတည်းက အရှုံးပေးပြီးသားပါ

ကိုရယ် ...



ချစ်တဲ့အကြောင်းတွေ မပြောဖြစ်ခဲ့သလို

လွမ်းတဲ့အကြောင်းတွေလဲ

ပြောခွင့်မှမရှိတာ....



နိဂုံးက နိဒါန်းမတိုင်ခင်ကတည်းက

ကျွန်မအတွက် ရေးပြီးသား



ကျွန်မမေ့ခဲ့တဲ့ဇာတ်သိမ်းကို

အချိန်က ....

မမေ့မလျော့ ယူဆောင်လာတော့

.........



သိပ်စောလွန်းတယ်လို့လဲ

စောဒက မတက်ရဲပါဘူး ...



အတွေးတွေကနေ

အဆွေးတွေဖြစ်ဖြစ်သွားပြီ





ကိုရယ်..

ကျွန်မက .. အခုမှ

နေ့သစ်တွေက ရောင်ခြည်နုထွေးတွေကို

ကြည်နူးစွာ ခံယူနေတုန်း ..



တကယ်တော့..

ဆည်းဆာက ပူလောင်လွန်းပါတယ်လေ.. ။ ။

Monday, December 15, 2008

ကြိုး

မချည်ဘဲတည်တဲ့ကြိုးတွေ
မတည်ဘဲပြေတဲ့ကြိုးတွေ
ရင်မှာအထပ်ထပ်
အစင်းရာ ဘလပွနဲ့ပေါ့ ...

နောင်တဆိုတာ
ထပ်ပြီးလက်ခံနိုင်စွမ်းမရှိတော့တဲ့အချိန်
.......
ကြိုးတစ်ကြိုးက ရင်မှာငြိတယ်

ငါ .. ဘာကိုမှ
မရည်ရွယ်လိုက်ဘူး ..

သာပါစေ နာပါစေ
မေတ္တာတွေ စေတနာတွေ ထက်
နင်ပါတဲ့ ပစ္စုပ္ပန်တွေမှာ

ငါ ....

ရင်ထဲကအတိုင်း အသက်ရှင်မိတာ



အဲ့ဒါ ..

အမှားတစ်ခုဆို ...

အပြစ်တစ်ခုဆို ...



တစ်ဖက်လှည့် နောက်ဆုတ်

ခြေရာဖြောက်ဖို့လဲ

ဘယ်လို အင်အားရှိမလဲ ....



စည်းဘောင်တွေ တစ်ဖက်က

မချည်ဘဲ တွယ်ငြိတဲ့ကြိုးကို

မရည်ရွယ်ဘဲနဲ့တော့

မပြတ်တောက်စေချင်ဘူး ....

Sunday, December 14, 2008

အိမ်မက်များ (၄)

အိမ်မက်တစ်ခုကို
ကိုနဲ့ကျွန်မ
အတူတူမက်ခဲ့ကြတယ်....

အတူတူပြုံးခဲ့တယ်
အတူတူရယ်မောခဲ့တယ်
အတူတူသတိရခဲ့တယ်
အတူတူလွမ်းခဲ့ကြတယ်....

နားလည်မှုအပြုံးတွေ
ဖြေသိမ့်အကြည့်တွေ
ယုယတဲ့အထွေးအပွေ့တွေ
အဖြူရောင် အချစ်တွေ
ဝိုင်ချိုလို အနမ်းတွေ

အိမ်မက်ထဲက ကျွန်မတို့ ပြဇာတ်ဟာ
ရိုးရှင်းတဲ့ ကကွက်တွေ
ညင်သာပျော့ပျောင်းတဲ့ ကကြိုးတွေနဲ့
ခမ်းနားစွာလှပနေခဲ့တယ်.....

မကြာခင်တစ်ချိန်
ထပ်တူထပ်မျှဆိုတဲ့ စကားလုံးနဲ့
မဆိုင်တော့သလို
ဒီအိမ်မက်က ကျွန်မတို့နိုးထကြစတမ်းဆို

ကိုက ..
သူမရဲ့အနမ်းလေးနဲ့
နေ့သစ်တစ်ခုမှာ နိုးထရမှာဖြစ်ပြီး

ကျွန်မက...
သန်းခေါင်ယံည
ထမင်းလုံးတစ္စေချောက်သလို
အမှောင်ထဲ ...
တစ်ယောက်တည်း ..
တစ်ယောက်တည်း ပါလေ .... ။ ။

အိမ်မက်များ (၃)

ကံကြမ္မာက ကိုယ့်ဘက်မရှိတဲ့အချိန်
အဖြေကို ရင်မဆိုင်ရဲတော့
မေးခွန်းတွေလဲ မထုတ်မိပါဘူး ....

ရင်ထဲကအခါခါ မွတ်သိပ်စွာ တမ်းတနေလည်း
ကတိတွေ ပေးပါလို့
နှုတ်က ပြောမထွက်ခဲ့ပါဘူး .....

ရယူခြင်းနဲ့ ပိုင်ဆိုင်ခြင်း
ကွဲပြားစွာနားလည်တတ်ချိန်မှာတော့
ပေးဆပ်ရတာကိုဘဲ ပျော်တတ်လာခဲ့တယ်.....

နင့်ရင်ထဲမှာ
ပူပန်စိတ်တွေ မရှိစေချင်ဘူး
ငါ့ရင်ထဲမှာ ပူပန်ခဲ့ရင်
နင်မသိစေချင်ဘူး ....

နှစ်ခါပြန်လျှောက်မရတဲ့ ဘ၀ထဲ
ငါနဲ့ပတ်သတ်ရင်
ပျော်ရွှင်မှုတွေသာ အရာထင်ခဲ့စေချင်တယ်

တစ်ခါတစ်လေတော့ စဉ်းစားမိတယ်
ဒီထက်မက ထိုက်တန်လှတဲ့ ပူဇော်မှုတွေကို
ပူလောင်စေခဲ့ပြီးမှ
ဆုံးရှုံးရမှာသေချာတဲ့ အချစ်စစ်တစ်ခုကို
ဘာလို့ငါ ...
တယုတယနဲ့ အေးချမ်းစေခဲ့လဲလို့ ..... ။ ။

အိမ်မက်များ (၂)

အဲ့ဒိအချိန်ဟာ
ကမ်းလင့်မကြိုလဲ
ရောက်လာမှာပါ ကို ...

ကြည်နူးဆွတ်ပျံ့စရာ အတိတ်တွေ
တပွေ့တပိုက်နဲ့
သူမ က ထွေးပွေ့ရင်
ကို ပြုံးနေမှာပါ ...

အိမ်မက်က နိုးလာသူတစ်ယောက်ကို
ညင်သာပျော့ပျောင်းစွာ
လက်ရှိဘ၀ထဲကို
သူမ ဆွဲခေါ်လှည့်မှာပါ ....

မကုန်နိုင်တဲ့ အမှတ်တရတွေ
မလွတ်တမ်း ဖမ်းဆုပ်ရင်း
ကိုတို့ .....
အနာဂတ်ထဲ တိုးဝင်လှည့်ချိန်
ကျွန်မ .....
အိမ်မက်ရုပ်ကြွင်းသေ တစ်ခုလိုသာ
ကျန်နေရစ်ခဲ့ ချင်ပါတယ် ... ။ ။

ဆောင်းအိမ်မက်

ကလေးကလားနဲ့
အလေးမထားဘဲ
တော်ကီတွေပွားခဲ့တဲ့
ကိုယ်တော်ချော..

ရှင့်လက်မောင်းနှစ်ဖက်က
ကမ္ဘာကြီးနဲ့အဆက်ပျက်လောက်အောင်
ကျွန်မအတွက်
သာယာစေခဲ့လို့ပါ...

ရုပ်ရှင်တွေထဲကလို
ပန်းတွေတဖြုတ်ဖြုတ်ကြွှေတိုင်းလဲ
အနမ်းတွေ ဗရုတ်သုတ်ခ
မခြွေခဲ့ရပါဘူး......

အချစ်ဆိုတာမပါတောင်
ဖမ်းဆုပ်ခဲ့တဲ့လက်တွေမှာ
ရင်ခုံသံတွေရှိမှာပါ......

နာရီအနည်းငယ်က
နာရီပေါင်းများစွာကို
လွှမ်းမိုးနေတာ
ဘာကြောင့်လဲ ........

နည်းလမ်းမရှိဘူး
အဖြေမရှိဘူး
သက်သေတွေလည်းမရှိဘူး
ဒီတော့....
ဖြေသိမ့်လိုက်မယ်
အဲ့ဒါ....
တို့နှစ်ယောက်အတူတူ
မက်ခွင့်ရခဲ့တဲ့
အိမ်မက်လေးလို့ .... ။ ။

ငယ်

အရွယ်လေး ငယ်သေးတော့
နားမလည်
တူနှစ်စုံ ပျော်ဖူးရယ်နှင့်
အမှန်ကို မြင်ကတွေးရယ်ဖို့
တွေးဖို့သာ မအားတယ်
ချစ်ရေဆန်မျော ချစ်ဇောရယ်နှင့်
ချစ်ခရီးနှင် .......
မောင့်ရင်ခိုကပ် တီတာချွဲကာ
သက်လုံးပါရှင် တည်စေ့ပါမယ်
ကမ္ဘာဆုံးမယ့်တိုင်
လွမ်းရင်းကျွမ်းမယ်
မေ့ အချစ်ဦး ...... ။ ။

တွေ့ဆုံခြင်း

ရှေးနှစ်ပေါင်းများစွာကတည်းက
လူတကာပြောပြောနေတဲ့ အချစ် ကို
ငါဟိုတစ်လောက တွေ့လိုက်တယ်......
တကယ်တော့...
သူက ရူးသွပ်ခြင်း သက်သက်မဟုတ်ဘူး
အလှအပကို ငြိတဲ့ တဏှာက အဓိကမဟုတ်ဘူး
မက်မောခြင်း၊ တွယ်တာခြင်းတွေနဲ့
သံယောဇဉ် အထုံးကြီး တစ်ခုတည်းလဲ မဟုတ်ဘူး
အချစ်ရှုံးသမားတွေ စိတ်ဖြေပြောတဲ့
ရယူခြင်းကင်းမဲ့သော ကုသိုလ်ချည်းသာ မဟုတ်ဘူး
တိမ်ပေါ်တိုက်ဆောက်တဲ့ အိမ်မက်ကမ္ဘာလည်းမဟုတ်ဘူး
အချစ်က အဲ့ဒိလိုအရာတွေ မြောက်များစွာနဲ့
ပေါင်းစပ်ဖွဲ့စည်းထားတဲ့
ကိုယ်ခန္ဓာ ကြီးနဲ့တူတယ်
ရာသီဥတုဒဏ်တွေနဲ့ အပြောင်းအလဲတွေနဲ့
ပုံအမျိုးမျိုးပြောင်းလိမ့်မယ်
ဒါပေမဲ့ ...
တစ်သက်မှာ တစ်ခုသာပိုင်ရတဲ့
ကိုယ်ခန္ဓာ
မလိုချင်ဘူးပြောရင်လဲ မသေမချင်းကပ်ပါနေမယ့်
ကိုယ်ခန္ဓာ
ဝိညာဉ်မဲ့သွားရင်တောင်
အမှတ်တရပုံရိပ်တွေနဲ့
ကမ္ဘာပေါ်မှာ ထင်ကျန်ရစ်မဲ့
ကိုယ်ခန္ဓာ
............
...............
မယုံဘူးလား
ဒါဆိုငါပြောရဲတယ်
မင်း ... အချစ်ကို မတွေ့ဘူးသေးဘူး.......... ။ ။

တစ်ခါက သူမ ...

တစ်ချိန်တစ်ခါက သူမဟာ ဘုရင်မ
အရာရာကိုစွမ်းဆောင်နိုင်တယ်
လူတစ်ချို့အရှေ့ ဂုဏ်ယူစွာနဲ့
ဖြတ်သွားခဲ့တယ်....
နှလုံးသားတစ်ခုကို
အပိုင်စားခံပြီး
ဘ၀တစ်ခုလုံး မြှုပ်နှံခဲ့တယ်
သူမအုပ်စိုးတာ
သူ့နှလုံးသားနဲ့ဘဝ
သူမမြတ်နိုးတာ
သူ့အကြင်နာနဲ့အယုယ
သူမကမ္ဘာကို ထိပါးချင်တယ်ထင်ရင်
သူ့လက်ကိုတွဲ ဦးကိုမော့ပြီး
အရာရာရင်ဆိုင်မယ့်ပုံမျိုး
ရှင်ဘုရင်တစ်ပါး တိုင်းပြည်ကို မြတ်နိုးသလို
သူမမြတ်နိုးခဲ့တယ်..
စစ်သူကြီးက စစ်ပွဲကို အလေးထားသလို
သူမအလေးထားခဲ့တယ်...
တကယ်တော့
သူ နဲ့ပတ်သတ်သမျှဟာ
သူမ အတွက် အင်မတန် ကြီးကျယ်ခမ်းနား နေခဲ့တယ်..
ဘယ်လောက်တောင်များလဲဆိုရင်လေ
နန်းကျဘုရင်မဘ၀မှာတောင်
သူမတစ်ဖွဖွနဲ့ ရေရွတ်နေတတ်တယ်
အတိတ်က အုပ်စိုးခဲ့တဲ့အချိန်တွေ အကြောင်းပေါ့....... ။

ဆက်လျှောက်

လတစ်ခြမ်းပဲ့ကြွေသွားတောင်
အဲ့လောက်ဝမ်းမနဲဘူး
အတ္တနဲ့အချစ်က
တစ်ကိုယ်လုံးကိုရစ်ပတ်တယ်
ငါလိုချင်တာငါသိတယ်
ငါလျှောက်မဲ့လမ်းငါခင်းတယ်
သေပစေ မှားနေရင်လည်း
နောင်တတော့မရဘူး
နာကျင်လွန်းရင်
ငိုနေလိမ့်မယ်
နောက်ပြန်မလှည့်ဘူး
နံရံတွေကို ကာထားမယ်ဆိုလည်း
ငါ လက်သည်းတွေနဲ့ ကုတ်ခြစ်နေမယ်
လက်တွေပွန်းပဲ့တိုဝင်သွားပစေ
ဂရုမစိုက်ဘူး
ဘ၀တစ်ခုလုံးနဲ့လဲလို့မရနိုင်လောက်အောင်
နင့်နှလုံးသားကဘယ်လောက်
အဖိုးတန်နေလဲ...
အဲ့ဒါလဲ ဂရုမစိုက်ဘူး..
နာကျင်နေတာတော့ တကယ်ဘဲ
ဖွက်ထားတဲ့မာနက
ခေါင်းထောင်လာရင်
ငါ့ရင်ငါအနာခံပြီး ဆုံးမတယ်
ဒီလမ်းကိုတော့ ဆက်မလျှောက်လို့မဖြစ်ဘူး
လမ်းဆုံးဟာ နတ်ပြည်လိုမဟုတ်ဘူး
အဲ့မှာလည်း
သောက်တလွဲတွေတပုံတပင်
ငါသိသားဘဲ
ဒါပေမဲ့ နောက်ပြန်မလှည့်ဘူး
တစ်ခါတစ်ရံ ဆေးခါးတွေက ပိုစွမ်းတယ်
နင့်အချစ်မချိုလည်း
ငါဂရုမစိုက်ဘူး...
အကျိုးမရှိတိုင်း
မလုပ်ရဘူးတဲ့လား...
အင်း....
အရှုံးပေါ်တာတောင် နောက်မဆုတ်ဘူး
လူတကာမေးတဲ့ အကြောင်းပြချက်ကို
စဉ်းစားမရလဲ
ခေါင်းထဲမှာတော့ စွဲနေတယ်..
"ဆက်လျှောက် " ။ ။

ဒီနေ့

မိုးမချုပ်သေးဘဲ
လေချိုနုလေးတွေတိုက်ပြီး
လသာသွားတာမြင်ဘူးလား
ကြယ်လေးတွေတောင်တဖိတ်ဖိတ်နဲ့လက်လို့
ဟား....
ငါလွတ်သွားတယ်..
ဒီနေ့
ချစ်တယ်ဆိုတာ...
လမ်းလျှောက်သွားတုန်း
သူ ငါ့လက်တွေကို ဖွဖွလေး ဆုပ်ကိုင်ထားခဲ့တာ...
ကြင်နာတယ်ဆိုတာ..
ငါ့မျက်နှာပေါ်မှာ အပြုံးတွေသာ
ချိုစေခဲ့တာ.....
မြတ်နိုးတယ်ဆိုတာ..
ငါ့ကိုသူ့ရင်ထဲထွေးပွေ့ပြီး
ဆံပင်တွေကိုနမ်းရှိုက်ခဲ့တာ....
သာယာတယ်ဆိုတာ....
တယ်လီဖုန်းထဲက
ဂစ်တာသံလေးတွေကို
နားထောင်ရတာ...
ငါလေ..
အိပ်ပျော်သွားရမှာတောင်ကြောက်တယ်..
ဘာလို့လဲဆိုတော့......
ငါပြန်နိုးလာတဲ့အခါ
ဖြစ်နေမှာက
" မနက်ဖြန် " တဲ့လေ........ ။ ။

ဟာသ

တကယ်ဆို အဖြေကထွက်ပြီးသား
ဒါကို ငါကပေကပ်ကပ်နဲ့
ကြိုးစားတုန်း.....
မျှော်လင့်ချက်လို့နံမည်တပ်လဲရတယ်
ရူးတယ်လို့ပြောမယ်ဆိုလည်းဖြစ်တယ်
ဒါပေမဲ့ .....
ဒီကောင်က ဘ၀တစ်ခုလုံးစတေးထားတာ
.................
ဟာသတစ်ခုထက်တော့တန်တယ်
အချစ်တွေကိုရက်ရက်ရောရောနဲ့
ရှေ့နောက်မတွေးဘဲပေးခဲ့တာ
ဟာသတစ်ခုထက်တော့တန်တယ်
ဝန်တိုစိတ်တွေနဲ့
နှလုံးသားမီးတောက်ခဲ့တာ
ဟာသတစ်ခုထက်တော့တန်တယ်
လူတကာရှေ့ မာနဆိုတာဘာမှန်းမသိအောင်
ချစ်ဋ္ဋိကာဖွင့်ပြတတ်တာလဲ
ဟာသတစ်ခုထက်တော့တန်တယ်
လမ်းမရှိတဲ့လမ်းကို
ကြိုးစားပြီးလျှောက်နေတာလဲ
ဟာသတစ်ခုထက်တော့တန်တယ်
ရယ်သံလေးကချိုပေမဲ့
ငါ့ပူဇော်မှုက ဟာသတစ်ခုထက်တန်တယ်
ဟာသတွေကိုလဲ
ပြန်တွေးတတ်မယ်ဆို
ဟာသထက်တော့တန်တယ် ။ ။

ဆည်းဆာဧ။်အသက်ရှူသံများ

လူတွေကပြောကြတယ်
ငါဟာနေတစ်စင်းတဲ့
ဒါဆို .. နင်က ငါ့ရင်ထဲက
လမင်းလေးဘဲပေါ့ ...

ဟိုး မိုးကောင်းကင်မှာ
အမြင့်ဆုံး အပူဒီဂရီနဲ့
ကျိန်ဆိုသံတွေကြား
ငါဟာ မွန်းတည့်ခဲ့ရ ...

ကောင်းကင်မှာ ယီးလေးခို
တိမ်တိုက်တွေ ဆွဲခွာရင်း
အနောက်ဘက် တောင်တန်းတွေဆီ
ခြေချတော့မယ့်ဆဲဆဲ ...

..... ...
..........

အိုး .. မြတ်စွာဘုရား
ဟိုး အရှေ့ကောင်းကင်က
မှိန်တိန်တိန် လ တစင်း
ခြေသံတိုးတိုးနဲ့လျှောက်ခဲ့တယ်.....

ရင်ခုံမက်မောစွာနဲ့
အစွမ်းရှိသမျှ အကုန်ထုတ်လို့
တိမ်တိုက်တွေ ဆေးဆိုးပြီး
ဆည်းဆာလှလှ ဆက်သခဲ့တဲ့ငါပါ....

အပြုံးတွေဝေနေတဲ့သူ့ မျက်နှာ
ပီတိဖြာဖြာနဲ့ကြည့်နေရင်း
တဖြည်းဖြည်းနဲ့ အနောက်ဘက်ကို
ခြေလှမ်းတွေယိုင်နဲ့ .....

သြော် ... သူနဲ့ငါက
ပေါင်းစည်းခွင့်မှမရှိတာ
ငါ့ဆည်းဆာပန်းချီကားလည်းလေ
မျက်ရည်တွေစွန်းထင်းလို့....

ငါချစ်တဲ့ လမင်းလေးအတွက်
ရောင်ခြည်ဖြာတွေရုတ်သိမ်း
အနောက်ဘက်ချောက်ကမ်းပါးကို
တိတ်တိတ်လေးလျှောက်ခဲ့တယ်.......

နောက်ဆုံးအနေနဲ့တော့
လှည့်ကြည့်မိတယ်
သြော်.......
သူကတော့ပြုံးလို့ ..... ။ ။

ကတိတည်ပါ

ဒီတစ်ခေါက် ဟာသလေးတစ်ခုပြောပြမယ်။
ဟိုးရှေးရှေးတုန်းက မိဖုရားကြီးတစ်ပါးရှိသတဲ့။ အဲ့ဒိ မိဖုရားကြီးရဲ့ ရင်သားများဟာ အင်မတန်ကြီးထွားဖွံ့ဖြိုးနေသတဲ့ကွယ်။
အဲ့ဒါကို နန်းတွင်းက ရဲမက်တစ်ဦးဟာ အိပ်မနိုင်စားမရဖြစ်ပြီး စွဲမက်နေတယ်။ တစ်နေ့တော့ ရဲမက်ဟာ သူ့ရဲ့သူငယ်ချင်း ဖြစ်တဲ့ နန်းတွင်းသမားတော်ကို သူ့ရဲ့ စွဲလန်းနေတဲ့ ဝေဒနာအကြောင်းပြောပြလိုက်တယ်။
သူငယ်ချင်းရဲ့ ဖြစ်အင်ကိုသိသွားတဲ့ သမားတော်က ကဲမင်းဘာမှမပူနဲ့ ငါမင်းရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်၊ မင်းက ငါ့ကို ရွှေဒင်္ဂါးတစ်ထောင်ပေး ဆိုပြီးပြောတယ်။ ရဲမက် ကလည်း ပေးမယ်ဆိုပြီး သဘောတူညီလိုက်တယ်။
နောက်တစ်ရက်မှာ သမားတော်က ယားယံစေတဲ့ ဆေးမှုန့်တွေကို ဖော်စပ်ပြီး မိဖုရားကြီးရဲ့ အတွင်းခံ အင်္ကျီထဲကို ဘယ်သူမှမသိအောင် တိတ်တိတ်လေး ထည့်လိုက်စေသတဲ့။
ဆေးအစွမ်းပြတဲ့အခါ မိဖုရားကြီးလည်း မနေသာဘဲ သမားတော်ကို အခေါ်လွှတ်ရလေရော။ အဲ့ဒိအခါ သမားတော်က ဒီရောဂါဝေဒနာကို သက်သာစေဖို့ ဓာတ်တစ်မျိုးပါတဲ့ တံတွေး ကသာ စွမ်းဆောင်နိုင်မယ် ဖြစ်တယ်လို့ဆိုပြီး ထူးခြားတဲ့ တံတွေးဓာတ်ရှိတဲ့သူကို စမ်းသပ်ရှာဖွေတော့တယ်။
နောက်ဆုံးတော့ သူ့သူငယ်ချင်း ရဲမက်ကို ရွေးချယ်လိုက်သတဲ့။ ရဲမက်ဟာ သူ့လိုအင်တွေ ပြည့်စုံသွားတဲ့အတွက် ပျော်ရွှင်နေတော့တယ်။ ဒါပေမဲ့ သမားတော်ကို ကတိပေးထားတဲ့ ရွှေဒင်္ဂါးတစ်ထောင်ကိုတော့ မသိချင်ယောင်ဆောင်ပြီး မပေးဘဲနေ နေ သတဲ့။
သမားတော်ကလဲ ကတိမတည်တဲ့ ရဲမက်ကို စိတ်ဆိုးပြီး နောက်တစ်ရက်မှာ ဘုရင်ကြီးရဲ့ အတွင်းခံဘောင်းဘီထဲကို ဆေးမှုန့်တွေ ထည့်လိုက်သတဲ့ကွယ်။
.. .... ...
ကဲ .. ကတိမတည်တဲ့လူတွေ သတိထားကြနော် .. :P

ချစ်သူ့လက်ထပ်ပွဲ

ဒီနေ့ရာသီဥတုကထူးထူးခြားခြား သာယာလှပနေတယ်။
ဘုရားကျောင်းဝန်းထဲမှာ လူတွေစည်စည်ကားကားရှိနေလေရဲ့။
သာယာစွာထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံတွေနဲ့ အတူ မင်္ဂလာသတို့သား သတို့သမီးဟာ ဘုရားကျောင်းထဲကို ပြုံးရွှင်စွာ ၀င်ရောက်လာပါတယ်။
ကျွန်မ ချစ်လို့မ၀နိုင်ပါသော ကျွန်မရဲ့ချစ်သူဟာ သူ့ရဲ့သတို့သမီးနဲ့ လက်ချင်းချိတ်ပြီး ညင်သာစွာဖြတ်လျှောက်သွားကြတယ်။
ကတိသစ္စာတွေပြုပြီးတဲ့ မင်္ဂလာမောင်နှံ ကို လူတွေကလဲ ပျော်ရွှင်စွာနဲ့ ဆုမွန်ကောင်းတွေတောင်းလို့။
ဧည့်ခံပွဲပြီးသွားတဲ့အခါ သူတို့ပြန်ကြတော့မယ်လေ။
ကားပေါ်တက်ခါနီး ကျွန်မချစ်သူက တစ်ချက် ပြုံးပြနှုတ်ဆက်လိုက်တဲ့ အခါ ကျွန်မကိုများ ပြုံးပြသလားလို့ အယောင်ယောင်အမှားမှားနဲ့ ကျွန်မကျန်နေရစ်ခဲ့တယ်။
အခု လူတွေလဲ အားလုံးလိုလို ပြန်ကုန်ကြပြီလေ။
ကျွန်မလဲ ဘုရားကျောင်းဝန်းဘေး သင်္ချီုင်းဆီက ကျွန်မရဲ့ အုတ်ဂူလေးကို ဦးတည်လို့ ......

ချစ်ဥယျာဉ်

ခူးခြွေမယ်ကြံ
အထူးတလည်ပြန်မစဉ်းစားဘဲ
အနမ်းတွေကို
အဆင့်ဆင့်ကြဲ

သူ့ရင်ထဲ
မျိုးကြဲမိတဲ့ အချစ်ပန်းတွေ
ဘယ်လိုဘယ်ပုံနဲ့များ
အလှတွေကို
တန်ဖိုးထားရစ်မလဲကွယ်

မလူးသာမလွန့်သာနဲ့
ဒီဥယျာဉ်မှူးမှာတော့
ကတိမရှိတဲ့ မနက်ဖြန်တွေ
မရောက်ခင်ထိ
အချစ်ပန်းတွေဝေနေအောင်
ဖန်တီးစေနိုင်ပါရဲ့ ။ ။

ညခါးခါး

ဘယ်သူမှမကြိုက်ပါဘူး
ဒဏ်ရာတွေနဲ့ စုတ်ပြတ်သတ်နေတဲ့ဘဝ
ပူလောင်ရွံရှာစွာနဲ့ဖက်တွယ်နေရတဲ့ ညည်းညူမှုတွေ
အခါးပေါ် အခါးလောင်းတယ်
ဒါကိုခါးတယ်ပြောမိတာငါ့အမှားပါ

ဖြေရှင်းချက်ကကြိုးရှရှတစ်ချောင်းလို
ငါ့တစ်ကိုယ်လုံးပွတ်တိုက်ဆွဲသွားတယ်
သွေးရှင်ရှင်တွေအပေါ်လောင်းချခဲ့တာ
မူးရစ်စေတဲ့အရည်တွေ

ဟိုးအဝေးကမကြားတစ်ကြားအော်တယ်
ဘာသိဘာသာမနေဘဲငါလိုက်ရှာတယ်
ဟုတ်တယ်
နင်ပါဘဲ
မက်မောစွာပြေးလိုက်မိတော့
တောခြောက်တယ်
ထွက်လမ်းဆိုတာ ဒီဘ၀မှာမရှိတော့ဘူး

မနက်ဖြန်တွေက သေခြင်းမလာသရွေ့သေချာနေတယ်
ဒူးထောက်နေတာကျောက်ရုပ်တစ်ရုပ်လိုဘဲ
အမှိုက်တစ်ထုပ်လိုအပစ်ခံရမှာသိနေရက်နဲ့
ပန်းချီကားတစ်ချပ်လိုနေရာရချင်နေမိ
ဒါပေမဲ့ ငါသိတယ်
ငါ့ကိုရိုက်ချိုးမယ့်လက်တွေက
နင့်လက်နှစ်ဖက်စာမကဘူး

မသာလာကြည့်သလို
မျက်ရည်တစ်စက်နဲ့ခေါင်းရမ်းပြတာ
တစ်ရက်တာအတွက်ဘဲလေ
ဘယ်မလဲ လူတွေပြောတဲ့ မေတ္တာ၊သစ္စာ
ငါမိနေတာ ကျိန်စာ

နှလုံးသားမပါဘဲပြေးထွက်သွားတဲ့နေ့တွေ
အသက်တောင်ဘယ်လိုရှုရမှန်းမသိလောက်အောင်
ပင်ပန်းတယ်
ငါတွက်တတ်တဲ့ပုစ္ဆာကို နင်အဖြေမထွက်တာ
အံ့သြပါရဲ့
အေးလေ..
မိသားစုဆိုတဲ့ ဂဏန်းပေါင်းစက်ကို
ငါ့လို ရဲရဲမနှိပ်ဝံ့တာ
တစ်ကိုယ်ကောင်းဆန်စိတ်တွေ များနေလို့ထင်ပါရဲ့ ။ ။

မယ့်ရင်ဝယ်

လျှပ်ပန်းလျှပ်ရောင်-မိုးလုံးမှောင်မဲ
တခြိမ့်ခြိမ့်သိမ်း-လွှတ်ရန်တာစူ
ရန်ဘက်အလား-အားမညှာတာ
ရွာပေတော့မည်-တိမ်ညို့အုံးကျွတ်
ရင်ဝယ်ဖွက်ကာ-ချစ်ခွန်းလွှာတို့
တိမ်ညိုအုတ်နှယ်-လေးပင်သယ်ပိုး
ပန်ဆုမလွယ်-ကျိန်စာမိကဲ့
ဖော်ကျွမ်းသူနှင့်-လွမ်းရန်ဖန်မို့
ဤဘ၀၀ယ်-သည်းအူပြတ်ကြွေ
မယ့်သည်ပင်ကို-စိုးစင်းမဟူ
မပူစေ၍-ထပ်၍ကျိပ်သည်း
ကွယ်ပေတည်းမူ-တစ်ထီးတည်းသာ
ရှိုက်၍ငိုချေပေတော့မည် ။ ။

အလွဲများ

ငါမနေ့ကတီးပေးတဲ့သီချင်းကို
နင်က ဒီနေ့မှဆိုနေတယ်
ငါ ... လိုက်ညည်းပေးလိုက်ပါတယ် ..

ဟိုတလောကအစာမကြေဖြစ်တာ
အခုမှ လျက်ဆားလာလျက်ခိုင်းနေတယ် ...

နင်နဲ့ငါ ...
အမြင်တွေက
စီးဆော် စီးနေရသလိုဘဲ ...

နေနဲ့လဆိုတာ
ပြောလို့ကောင်းပေမဲ့
သူတို့ပေါင်းရလို့လား

လူတွေကလည်းမျက်စိရှေ့မှာ
တဖြုတ်ဖြုတ်သေလို့

အဆင်ပြေမယ်ဆို
ကြိုးညှိခွင့်လေးပြု
ငါတို့အလှည့်မရောက်ခင်
သီချင်းကောင်းကောင်းလေးတွေ
ဆိုပြချင်လို့ ။ ။

နှလုံးသားသို့တံခါးခေါက်သူများ

"ဒေါက် ဒေါက် ဒေါက်"
"ဘယ်သူလဲ ဟေ့"
"ကျွန်တော် မောင် " _____" ပါ ။ ချစ်ခွင့်ရချင်လို့ပါ"
"အရင်က မွေးပွဝက်ဝံရုပ်ကြီးတွေနဲ့ လက်ဆောင်ချင်းလဲခဲ့တာ မင်းနဲ့လား"
"မဟုတ်ပါဘူးခင်ဗျာ"
"အေး ဒါဆိုပြန်နိုင်ပြီ"


"ဒေါက် ဒေါက် ဒေါက်"
"ဘယ်သူလဲဟေ့"
"ကျွန်တော် မောင် "______" ပါ။ တစ်သက်တာလက်တွဲခွင့်ပြုပါ"
"အရင်က မိုးရေထဲမှာ အတူလက်တွဲပြီးလျှောက်ခဲ့တာ မင်းနဲ့လား"
"မဟုတ်ပါဘူးခင်ဗျာ"
"အေး ဒါဆိုပြန်နိုင်ပြီ"


"ဒေါက် ဒေါက် ဒေါက်"
"ဘယ်သူလဲဟေ့"
"ကျွန်တော် မောင် "_______" ပါ။ ရင်ထဲကစကားတွေပြောပါရစေဗျာ"
"အရင်က တစ်ညလုံးမအိပ်ဘဲ ဖုန်းပြောခဲ့တာ မင်းနဲ့လား"
"မဟုတ်ပါဘူးခင်ဗျာ"
"အေး ဒါဆိုပြန်နိုင်ပြီ"


"ဒေါက် ဒေါက် ဒေါက်"
"ဘယ်သူလဲဟေ့"
"ကျွန်တော် မောင် "_______" ပါ။ ကျွန်တော် ချစ်ရလွန်းလို့ ရူးရတော့မယ်ဗျာ"
"သြော် . . . အရင်က ဒီနှလုံးသား ရူးသွပ်သွားခဲ့တာ မင်းကြောင့်လား"
"မဟုတ်ပါဘူးခင်ဗျာ"
"အေး . . . အေး .... ဒါဆိုပြန်နိုင်ပြီ" ။ ။

နံပါတ်(၁)ချစ်သူ

တစ်လမ်းတည်းမလျှောက်ပေမဲ့
တစ်ခရီးတည်းသွားချင်တယ်
တစ်နေရာစီဝေးပေမဲ့
တစ်ချိန်မှာနီးချင်တယ်
တစ်ဘ၀စီရှိပေမဲ့
တစ်ဘ၀တည်းဖြစ်ချင်တယ်
တစ်မျိုးလုံးကတားလည်း
တစ်ချိန်လုံးကိုတွေးတယ်
တစ်ခါဝေးခဲ့ပေမဲ့
တစ်သက်မခွဲတော့ဘူး
တစ်ကြိမ်တစ်ရာမက
တစ်ဖွဖွပြောတတ်တယ်
တစ်ယောက်တည်းကိုဘဲ " ချစ်တယ် " . . . . ။ ။

ဧည့်ရင်ခွင်

ချစ်ခွင့်မရှိလည်း
လွမ်းခွင့်တော့ရှိပါတယ်
အိမ်မက်တွေ အုတ်မြစ်ချ
ငါ့ကမ္ဘာနဲ့ငါတော့
သာယာဆဲဘဲ . . .

နမ်းခွင့်မရှိလည်း
လွမ်းခွင့်တော့ရှိပါတယ်
မကုန်နိုင်တဲ့အတိတ်တွေကို
စားသုံးရင်းနဲ့
ငါကျေနပ်နေခဲ့ . . .


ချစ်သူ . . .
. . . .. . .. .
ဆန့်ကျင်ဘက်လမ်းက
ခြေထောက်တွေ ညောင်းပြီဆို
နင်မှေးစက်ခဲ့တဲ့
( ငါ့ရင်ခွင် )
လိုအပ်ရင်ပြန်လာပါလို့
( နင့်အတွက်ဆို )
ငါအမြဲရှိနေမယ် ။ ။

ငှက်တစ်ကောင်ဧ။်ဆုတောင်း

လှောင်အိမ်တံခါး ဖွင့်ပေးပါ
တောင်တန်းစိမ်းတွေဆီကို
ငါ ပျံသန်းချင်လို့ပါ . . .
ရွှေရောင်တောက်နေတဲ့
ဆည်းဆာညနေခင်း
ငါ့ကိုကြည့်ခွင့်ပေးပါ. . .
မိုးလောက်မြင့်တဲ့ သစ်ပင်ကြီးတွေထက်
ငါ့ကိုအိပ်စက်ခွင့်ပြုပါ. . .
နေခြည်ဖြာတဲ့ နံနက်ခင်းလေး
ပင်လယ်ပြာကြီးကို
ငါတေးဆိုပေးချင်လို့ပါ . . .
မိုးစက်လေးတွေ
ငါ့ကိုယ်ပေါ်ကျတာခံယူရင်း
မိုးနေ့တွေမှာ ပျော်ခွင့်ပြုပါ. . .
မိုးတွေတိတ်သွားရင်လေ
မြေသင်းနံ့လေးရှုရှိုက်ရင်း
ရောင်စုံသက်တံ့ကြီဆီကို
ငါ ပျံသန်းသွားချင်လို့ပါ . . .
မနက်ဖြန်တွေတိုင်း
လောကကြီးကို နှုတ်ဆက်ချင်လို့ပါ. . .
လှောင်အိမ်တံခါးဖွင့်ပေးပါ . . . . ။ ။

သခင့်အတွက်

ရွှေမျက်နှာရယ် ညှိုးတော်မမူလိုက်ပါနဲ့
ဒီရင်မှာ တသိမ့်သိမ့်နဲ့
အားငယ်မိတယ် . . .

တော်တန်တိတ်ဆိုလည်း
မတော်လှန်စိတ်နဲ့
အကျွန်တကယ်ကို တိတ်လှည့်မှာပါ . . .

ထာဝရ မော်ဖူး ခွင့်ရမယ်ဆို
ရင်ထဲကအစ
ဦးဏှောက်မှာအဆုံး
တစ်သွေးတစ်သံတစ်မိန့်
သစ္စုာတည်မယ့်သူပါ . . .

မသိဘူး

အငွေ့တွေကို
ရှုထုတ်
ရှုသွင်း
တစ် . . . နှစ် . . . သုံး . . .
တရားမှတ်ပါတယ်

အရည်ခါးခါးတွေမြိုချ
ငါ့အကြိုက်တော့မဟုတ်ဘူး
ဒါပေမဲ့
တစ်ခုခုတော့ရလိုက်သလိုဘဲ

မြစ်ဘေးမှာလဲ
မိုးလင်းပေါက်ထိုင်ဘူးတယ်
ငါမပိုင်ခဲ့တဲ့ ငါ့အတိတ်တွေအကြောင်း
ဓာတ်ပြားဟောင်းဖွင့်ရင်းပေါ့

နားလည်တယ် ပြောတဲ့လူတွေလဲ
တကယ်ဆို မသိကြပါဘူး
ငါ့ဟာငါတောင်
အဖြေရှာမရတာကို

အမှန်က . . .
ငါ့ခြေထောက်တွေ ရိုက်ချိုးခံခဲ့ရတာ
အဲ့ဒိလမ်းကို
ငါ ဘယ်တော့မှ လျှောက်နိုင်မှာမဟုတ်တော့ဘူး . . . .

ဆွေး

ဆွေး . . .
ဝေးတဲ့အတိတ်ကို
ဆွေးတဲ့အကြည့်နဲ့ငေး
ငါ့ရင်ထဲ . . . ဆွေး . . .

တွေး . . .
ပေးတဲ့ကတိတွေ
အတွေးထဲရစ်သီ
စိတ်နာနာနဲ့ . . . တွေး . . .

ရွေး . . .
အချစ်နဲ့ဘဝ
ရွေးချယ်ရတော့
နင့်ကိုသာ . . . ရွေး . . .

ပေး . . .
မလိုချင်တဲ့ အမုန်းတွေ
မပေးနဲ့ဆိုလဲ
နင် . . . ပေး . . .

အေး . . .
ရေးမိတဲ့ကဗျာကို
တွေးကြည့်ပြီး ဆွေးမိရင်
ပြေးပြီသာလာ (အဝေးကြီးမရောက်ခင်) ။ ။

အသစ်

အဆွေးအသစ်
အချစ်အဟောင်း
မပြောင်းသော်ဖြင့်
ဆူးချွန်ထက်ထက်
ရင်တွင်စိုက်သို့
နာကျင်ရသည် . . .

ပမာဆိုသော်
မြှောင်းဟောင်းဖော်၍
ပုတ်စော်နံကဲ့
သို့ပင်တငြား
ရေကြည်သစ်စီး
ရှိလိမ့်ငြီးမူ
စမ်းရေတမျှ
ချမ်းမြေ့ဖွယ်တိ ။ ။

မရှိသောအပြစ်

ကိုယ်အမြတ်တနိုးထားတဲ့အရာတစ်ခုကို မက်မက်မောမော လိုချင်ရက်နဲ့ မရနိုင်မှန်းသေချာနေတဲ့အခါ ကံကြမ္မာကို ဒါမှမဟုတ် အပြစ်မတင်သင့်တဲ့အရာတွေလို့ သူသတ်မှတ်ထားတဲ့အရာတွေကို ကျွန်မ နာကြည်းစွာနဲ့ အပြစ်မြင်မိတာ ကျွန်မဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တယ်။



ရဲလေး ရဲ့သီချင်းတစ်ပုဒ်လိုဘဲ “ မတော်တဲ့ ဖိနပ်ကို ဒုက္ခ ခံပြီးစီးလဲ ကျွတ်ထွက်တော့မှာ “ တဲ့။ အဲ့ဒိလိုပါဘဲ မလျှောက်သင့်တဲ့လမ်းကို နှစ်ယောက်သား မျက်စိမှိတ်လျှောက်လာပြီးမှ ခရီးမဆုံးခင် နောက်ပြန်လှည့်ချင်ပြီလေ။ တကယ်တော့လဲ အရှေ့ကလမ်းခရီးဆိုတာကလဲ အမှောင်အတိ။ လမ်းမရှိဘူး အလင်းရောင်မရှိဘူး။ ဒါပင်မဲ့ ကျွန်မတို့မိသားစုတွေရဲ့ မကြေမနပ်မှုတွေကို လှမ်းမြင်နေရတယ်။ ဟိုးအဝေးကြီးကတောင်မှလေ။




ဒီလိုလမ်းမျိုးကို သူဆက်မလျှောက်ပါဘူး။ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ် တကယ်လို့များ သူ့ရဲ့နွေးထွေးတဲ့လက်တစ်စုံသာ ကမ်းလှင့်နေခဲ့ရင် ကျွန်မကရော လျှောက်ဖို့ဝင့်ရဲပါ့မလား။ တကယ်တော့ ဒီမေးခွန်းကို သူ့ရဲ့ရင်ငွေ့နွေးနွေးမှာ စတင်မှီတွယ်မိစဉ်က ကျွန်မရဲ့အဖြေတွေဟာ သေချာနေခဲ့ပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုနဲ့ အခြေအနေတွေအများကြီးက ကျွန်မရဲ့အဖြေတွေကို တိတိကျကျပြောရရင် အဲ့ဒိစကားလုံးတွေပြောမယ့်ကျွန်မ ပါးစပ်တွေကို စေးကပ်နေစေခဲ့တယ်။


ငယ်ငယ်ကဆို ပုံပြင်ထဲက မင်းသမီးလေးတွေကို ကျွန်မသိပ်အားကျမိတယ်။ ဆင်းရဲနိမ့်ကျတဲ့ဘ၀မှာ ရောက်နေရရင်တောင် ချစ်သူရဲ့ ကြင်နာယုယမှုတွေနဲ့ အချစ်တွေဟာသူတို့ဘ၀ကို သာယာစေတယ်။ ဒီအကြောင်းတွေသူ့ကိုပြောတော့ကျွန်မက အင်မတန်စိတ်ကူးယဉ်တယ်တဲ့လေ။ ဘယ်မိန်းမကများ ကိုယ့်ချစ်သူပေးမယ့်ကြင်နာယုယမှုတွေကိုစိတ်ကူးမယဉ်ဘဲ နေနိုင်ပါ့မလဲနော်။ ခက်တာက ဒဏ္ဏာရီဆန်ဆန် အချစ်တွေကို စိတ်ကူးယဉ်မိတဲ့ ကျွန်မဆီ လောကကြီးက ပို့ပေးလိုက်တာ ဘ၀ဆန်တဲ့ အချစ်ဇာတ်လမ်းတွေသာ ဖြစ်နေခဲ့တယ်။


“ သူငယ်ချင်းတွေလိုနေရအောင်လို့” သူစပြောတုံးက ကျွန်မလေ အဲ့ဒိ ရပ်နေတဲ့နေရာမှာ အသက်မဲ့လူတစ်ယောက်လို ဆွံအသွားခဲ့တယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာလည်း ကမ္ဘာကြီးက ခြာခြာလည်လို့။ နှုတ်ခမ်းတွေဟာ ရက်ပေါင်းများစွာဖျားနာခဲ့တဲ့ လူတစ်ယောက်လို ခြောက်သွေ့သွားခဲ့တယ်။ အရက်စက်ဆုံး စကားလုံးတွေနဲ့ သူ့ကို ရန်တွေ့လိုက်ချင်ပေမယ့် ကျွန်မ နှုတ်ခမ်းက တောင်စဉ်ရေမရ စွာနဲ့ စကားလုံးတွေဟာ အဆီအလျှော်မတည့်စွာ ထွက်သွားကြတယ်။ သူကနူးညံ့စွာပြုံးပြီး “ မင်းသိပ်ပင်ပန်းနေပြီ နောက်နေ့မှ ဆက်ပြောကြတာ ပေါ့လေ” တဲ့။ နောက်နေ့တွေမှာလည်း ဒီစကားတွေကို စတင်တူးဖော်ဖို့ ကျွန်မ အင်အားတွေမရှိခဲ့ပါဘူးလေ။ သူကတော့ ဘာမှမဖြစ်ခဲ့သလို ပြောင်လိုက်နောက်လိုက်နဲ့။


ကျွန်မ အရင်းအနှီးဆုံး ပတ်သက်ချင်တဲ့ ကျွန်မ ချစ်သူဟာ တစ်ဖြေးဖြေးနဲ့ ဟိုးအဝေးကိုရောက်သွားခဲ့တယ်။ အနာဂတ်အတွက် လျှောက်လှမ်းရန်မရှိဆိုတာ သေချာသွားတော့ ကျွန်မလေ မိုက်မဲစွာနဲ့ ပစ္စုပ္ပန် ကို ဖက်တွယ်ထားမိတယ်။ အဲ့ဒိမှာ အတိတ်ကလို ရင်ခုံသံတွေ မလတ်ဆတ်ဘူး။ လမ်းမရှိတဲ့အနာဂတ်လို မှောင်မဲမနေဘူး။ အေးစက်ခြင်းတွေ ကြီးစိုးနေပေမဲ့ တစ်ခါတစ်ရံ သူ့အပြုံးတွေကို ကျွန်မ တွေ့ရတယ်။ ကျွန်မ အထီးကျန်နေတဲ့ ရက်အချို့မှာ စကားသံချိုချိုကို နားစဉ်ခွင့်ရှိသေးတယ်။



ကျွန်မ မိုက်မဲတာလား အမှန်တရားကို လက်ခံနိုင်စွမ်းရှိသွားတာလားတော့မသိဘူး။ အဲ့ဒိ အေးစက်စက် နေ့ရက်တွေကို ဖြတ်ကျော်နေဆဲ တစ်ရက်မှာ ကျွန်မတို့နှစ်ယောက်ရဲ့နောက်ဆုံးဆိုတဲ့ ရက်တစ်ခုကို ကျွန်မကိုယ်တိုင်ဘဲ ဖန်တီးပစ်ခဲ့တယ်။ နာကြင်စွာနဲ့ အပြစ်တွေကို သူ့အပေါ်ပုံချ မိခဲ့တယ်။ ဘေးလူတစ်ယောက် အမြင်နဲ့ဆိုရင်ကော ဒီမလှမပ အချစ်တစ်ခု ဖြစ်တည်စေခဲ့တဲ့ ဒါမှမဟုတ် ပျက်စီးစေခဲ့တဲ့ အတွက် ဘယ်သူ့မှာ အပြစ်ပိုရှိတယ်လို့ ထင်ကြမလဲ။


ကိုယ်က ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့ ကိစ္စ တစ်ခုဟာ အလွဲအချော်တစ်ခုလိုမျိုး ကျွန်မကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်။ တကယ်ဆို ကျွန်မ မပျော်ပါဘူး။ ဒါပေမယ့် ကိုယ်ဆုံးဖြတ်တဲ့ကိစ္စကို ကိုယ်တာဝန်ယူနိုင်ရမယ်လေ။ ပြီးတော့ ဒါက ကျွန်မတို့နှစ်ယောက်အတွက်အဖြစ်သင့်ဆုံးသောလမ်း။ တစ်စုံတစ်ခုကို နားလည်နိုင်သွားတော့ ကျွန်မသူ့ ကို ပြောခဲ့တယ်။ အမှားတွေအားလုံးဟာ ကျွန်မ အပြစ်တွေဘဲ ဆိုတာလေ။



ဒီလောက်တိုတောင်းတဲ့ဘ၀လေးမှာ ကိုယ့်နာကျင်မှုအတွက် ကိုယ့်ချစ်သူကို အပြစ်ရှိသူလို့ ကျွန်မ မစွပ်စွဲရက်ပါဘူး။ မပေါင်းစပ်နိုင်တဲ့ဘ၀နှစ်ခု ကွဲကွာရတဲ့ တရားခံဟာ သူမဟုတ်သလို ကျွန်မလဲမဟုတ်ပါဘူး။ တကယ်တော့ ကျွန်မတို့ဟာ “ အချစ်” လို့အမည်ခံထားတဲ့ စွမ်းအင် တစ်မျိုးရဲ့ ဆော့ကစားမှုအတွက် နှလုံးသားတွေ စတေးခဲ့ရတာပါ။ ဒါပင်မဲ့ ကျွန်မအဲ့ဒိ အရာ နဲ့ ပြိုင်ပြီး ဘယ်တော့မှ ဒဏ်ရာတွေအကြောင်းမပြောတော့ဘူး။ အပြစ်တွေကိုလည်း အဲ့ဒိ “အချစ်” အပေါ်မပုံချပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်မတို့ဘယ်သောအခါမှ ယှဉ်ပြိုင်နိုင်မဲ့ အရာမဟုတ်လို့လေ။

နောင်တ

ချစ်မိလို့ အပြစ်မယူ
ဂရုတစိုက်နဲ့ ကြင်နာသူကို
အလိုလိုက်လို့ အကန်းတက်သလို
ငါ . . .
ပစ်ပစ်ခါခါ စွပ်စွဲ
ဂျီတိုက်လို့ အခါခါ
နင်မပါဘဲ ဒီလမ်းတွေလျှောက်မယ်လို့
နင့်ညတွေကိုဖျက်ဆီးလိုက်တယ်

တယုတယလေး ပိုးမွေးသလို
နင်ထွေးပွေ့ဖို့ စိတ်ကူးယဉ်တုန်း
ငါက. . .
လက်တွေ့တွေနဲ့ ဘ၀မှာပျော်

အပေါ်ယံက သကြားကုန်မှ
အရသာပေါ်လာတဲ့ ဆေးခါးလို
အချစ်ကိုမြင်တော့မှ
နင်က ရွှေလက်တွဲမယ်ဆို

အခေါင်းပေါက်ခွံနဲ့ နှလုံးသားမှာ
မာယာတွေနဲ့ မုန်းတီးမှုတွေကျန်တော့မှ
နင်က . . .
ငါ့နှလုံးသားပလ္လင်မှာ မိန့်မိန့်ကြီးထိုင်ပြီးပြုံး

နင့်အတွက် "ပထမ" ဆုံးတွေသာ ဖြစ်တဲ့ငါ့ကို
အချစ်တွေသာ ပုံပေးပေမဲ့
နင့်အတွက် အလွမ်းညတွေသာ
ငါဖန်ဆင်းပေးခဲ့တယ် . . .

နင်ခါးခဲ့တဲ့ အတိတ်တွေအတွက်
ငါတောင်းပန်ပါတယ် ချစ်သူ . . .
ပေးဆပ်ခြင်းတွေနဲ့ချေဖျက်ခွင့်ရှိမယ်ဆို
"သစ္စာနဲ့ အနာဂတ်"
ငါနင့်ကို လက်ဆောင်ပေးပါရစေ
ငါအသက်ရှူနေသရွေ့ပေါ့ ။ ။

အလွမ်းကောင်

"အလွမ်းကောင်"
ဒီကောင်ကျွန်တော့်ဆီရောက်လာတယ်
နှင်းဆီပန်းခြောက်တွေနဲ့ မျက်ရည်တစ်ပုံး
ကျွန်တော့် အတွက်လက်ဆောင်တဲ့ဗျာ . . .

မိုးတွေ ညိုမှိုင်းပြီး မိုးကြိုးတွေပစ်နေရင်
ဒီကောင်က သိပ်ပျော်တာဗျ
ကျွန်တော့်ရင်ထဲ ၀င်ဝင်သွားပြီး
အဆိပ်ရည်တွေ လောင်းထည့်ခဲ့ တတ်တယ် . . .

မညီမညာ သံစဉ်တွေနဲ့ ခါးသက်သက် အချိန်တွေ
ကျွန်တော့်အတွက် ဖြစ်လာလေရဲ့
နောက်ပြီး . . . ကျွန်တော် မြတ်နိုးတဲ့ အတိတ်ချိုချိုတွေကို
ဒီကောင် အရောင်ပြောင်းပစ်တယ် . . .

ကျွန်တော့်ညတွေကို အိပ်စက်ခြင်းအစား
ကဗျာတွေ လောင်းချ ခဲ့ပြန်တယ်
အသဲကွဲ ပင်လယ်ထဲကကျွန်တော့်ကို
မျှော်လင့်ချက် မီးပြတိုက် ဆီကိုတော့ ပို့ပေးပါရဲ့ . . .

လှည့်စားမှုတွေ သုတ်လိမ်းထားတဲ့
မာယာအတုအယောင်တစ်ခုကြား
ကျွန်တော်က ဒူးထောက်နေတော့
ဒီကောင် . . . ခွက်ထိုးခွက်လှန် ရယ်ပြန်ရော . . .


...............
...................
.........................
ဒီလိုနဲ့ . . .အလွမ်းကောင်ရေးတဲ့
ဇာတ်မျောရှည်ကြီးထဲမှာ . . .
ကျွန်တော်ဟာ အရှူးတစ်ယောက်လို
ခက်ခဲစွာအသက်ဆက်ရင်း . . . ။ ။

ရင်ထဲမှာ

ချစ်တင်းနှီးနှော ပြုံးပျော်စေသား
ကျီးစားရယ်လျှက်
သို့သော် . . .
စိတ်တွင်မထင် ပေါ့ပျက်စေသား
မရည်ရွယ်မိပါ မောင် . . .
ရင်တွင်းစကား
မောင် ကြားမယ်ထင်
ခွန်းတုံ့မပြန် နှုတ်ဆိတ်နေသော်
မောင် သိနေမယ်ထင် ပ ။ ။

တမ်းတခြင်း

မပေါင်းစပ်နိုင်တဲ့
ဘ၀နှစ်ခုကို
ခြားနားစေတဲ့
စည်းတွေသာ
ကွယ်ပျောက်သွားခဲ့ရင်
ငါလေ . . .
နင့်ရင်ခွင်မှာ
ဘ၀အဆက်ဆက်
မှီတွယ်ချင်ပါရဲ့ . . . ။ ။

အဖြူရောင်

အနာဂတ်က ငါ့မနက်တွေမှာ
အပြုံးတွေနဲ့ နေခြည်တွေဖြာ ဖို့
ငါချစ်သူ . . . နင်
မတွေးထားပါဘူး . . .

နင်ဝမ်းနည်းတိုင်း
ထွေးပွေ့ထားတဲ့ ငါ့ရင်ခွင်
အထဲမှာတိတ်တိတ်လေး အက်ကွဲ
မထွက်သင့်ဘူးဆိုတဲ့ မျက်ရည်တွေ
နင်မကြိုက်ရင် . . . ငါမငိုပါဘူး

ငါလျှောက်ရမယ့်လမ်း
နင်မလိုက်သလို
နင်လျှောက်ရမယ့်လမ်းလဲ
ငါလိုက်ခွင့်မရှိဘူးဆို
အခု . . .
ငါတို့ အချစ်ပန်းခြံထဲက
လမ်းတွေဆုံးသွားရင် . . .
. . . . . .
. . . . . . . . . .
". . ."
ဘ၀ဆိုတာ တိုတိုလေးတဲ့
ငါကတော့လိပ်ပြာလုံတယ်
အရောင်တွေမပါတဲ့
အချစ်စစ်ကိုသာ
ပေးဆပ်ခွင့်ရခဲ့လို့လေ . . . ။ ။

ချစ်သူသို့

ရင်ခွင်ထဲမှီတွယ်နေသူကို
ဟိုး . . . အဝေးဆုံးတစ်နေရာအထိ
ဆွဲခေါ်သွားသူ

ဘ၀အကြောင်းတွေရှင်းပြပြီး
ထောင်ချောက်ခလုပ်လေးတွေ
ဖွင့်ပြသူ

ထက်နေအောင်သွေးထားတဲ့
စွမ်းပကားတွေအတွက်
ဘ၀တစ်ခုကို လက်ဆောင်ပေးရုံကလွဲလို့
ငါဘာတတ်နိုင်တော့မှာလဲ

ဒါပေမဲ့ . . .
တည်ငြိမ်နေတဲ့ဘ၀ထဲ
နားလည်မှူတွေ နဲ့ အကြင်နာတွေဟာ
ငါချစ်သူ. . . နင့်တစ်ယောက်အတွက်သာဆိုတာ
သိစေချင်တယ်

မျှော်လင့်ချက်မရှိတဲ့
အနာဂတ်မပါတဲ့
ဒီလမ်းမှာ . . .
လိုအပ်တိုင်း အနမ်းတွေဆက်ပြီး
နင်တစ်ခါပြုံးပြရင်တောင်
ကျေနပ်တတ်တာ
ငါ . . .
အချစ်ငတ်တတ်ရုံသတ်သတ်မို့ပါဟာ . . . ။ ။

အချစ်ခါး

ချိုမြိန်ဖူးတဲ့ ရင်ခုံသံတွေကို
ခါးသီးစွာနဲ့မေ့ပစ် . . .
နူးညံ့တဲ့ နှလုံးသားကို
အမာရွတ်ထင်စေခဲ့တာလေ . . .
"အချစ်" ကို
ရူးသွပ်စွာ ကိုကွယ်ခဲ့တဲ့
ကျွန်မအပြစ်လား . . .
အဖြူရောင်ဘ၀မှာလဲ
အစွန်းအထင်းတွေနဲ့ညစ်လို့ . . .
သူ . . . စေလိုရာစေ
မာနတွေလမ်းဘေးချလို့
ဒူးထောက်ခဲ့ပါရဲ့ . . .
ကျွန်မ အချစ်ကိုစတေးခဲ့တာ
တစ်ဘ၀လုံးစာပါ . . .
နှလုံးသားကိုခြေမွလို့
ရက်စက်စွာသူပြောခဲ့တာ
. . . . . . .
. . . . . . .
. . . . .. . .
. . .
ကျွန်မကဗျာရေးတဲ့ညတွေလဲ
မလှပါဘူး . . .
လမှာလည်း
တိမ်ညိုတွေဖုံးလို့ . . . ။ ။

ဒုတိယ ဧ။် ပထမ

ငါမတက်ဘူးတဲ့ ရန်ကုန်တက္ကသိုလ်မှာ
နင်မကြိုက်ဘူးတဲ့ "စော်" ရယ်ကို မရှိဘူးဆိုတာ
သိလိုက်ရတော့
တစ်ခါမှ နတ်မပူးဘူးတဲ့ နတ်ကတော်လို
ငါရယ်လေ ဟာတာတာကြီး . . .

"ကျား" မှန်ရင်မကင်းဘူးဆိုပြီး
နင်မရှင်းမရှင်းလုပ်ခဲ့တာတွေ
အခုချိန်အထိ စာရင်းကမပြီးသေးတော့
ငါ့ရင်ထဲမှာ စပ်ဖျဉ်းဖျဉ်းနဲ့
ချိုချဉ်နဲ့ ငရုတ်သီး တလှည့်စီစားနေရသလိုဘဲ . . .

ဦးနှောက်နဲ့ ပါးစပ် အရမ်းလိုက်ဖက်တဲ့
နင့်ဆီက စကားလုံးအကြီးကြီးတွေ
နှလုံးသားဘဲအသုံးချတဲ့ ငါ့ရင်ထဲ
ဝင်ဝင်ဆောင့်တော့
မွန်းကျပ်မှုကို လူမသိအောင်
တိတ်တိတ်ပုန်း ရည်းစားလဲ မထားမိပါဘူး . . .

နင့်အတွက် အဆင်သင့်ဖြစ်နေတဲ့
ငါ့ရဲ့ မနက်ဖြန်တွေ မှာ . .
ငါ့အတွက်အဆင်သင့်မဖြစ်တဲ့ နင်
"ဒုတိယ" ဆိုတဲ့အဆင့်ပေးမယ်ဆိုလဲ
ငါ "ပထမ" ဆုံးကနေတန်းစီနေမယ် . . . ။ ။

အချစ်မရှိသော

ငါတို့နှစ်ယောက်ကြားမှာ
သာမန်လူတွေလောက်တောင်
ပြောစရာမရှိတော့ဘူးတဲ့လား . . .

အမေးတစ်ခွန်း အဖြေတစ်ခွန်းနဲ့
ခမ်းခြောက်ခြောက်နေ့တွေ
မချိပြုံးနဲ့ ငါ့ကိုလက်တွဲ . . .

ရင်ထဲကစကားတွေ
လည်ချောင်းဝမှာတစ်ဆို့
ငါ့နှလုံးသားကို နင်မကြည့်ချင်ဘူးတဲ့. . .

ဟိုးအတိတ်ကို ပြန်သွားလို့မရသလို
အတင်းအကျပ်ဆွဲခေါ်လာလို့လဲ မရဘူး . . .
ငါကြိုးစားကြည့်တဲ့ ပစ္စုပ္ပန်ကလဲ
မလှပါဘူး . . .

အပြုံးတွေ ၊ ယုံကြည်မှုတွေနဲ့ သုတ်လိမ်း
နင်မပါတဲ့ ငါ့ဘ၀ကို
အောင်မြင်မှု ဖိနပ်တစ်ရံနဲ့ လျှောက်မလို့ . . .

ဒါပေမဲ့ . . .
ကမောက်ကမနေ့ရက်တွေ . .
အရောင်တွေနဲ့ ညစ်ပတ်
ကောက်ကျစ်ကျစ်အပြုံးတွေ
မျက်နှာမှာခိုတွဲ . . .
ငါလှည့်ဖျားတတ်လာတယ် . . .

. . . .

မချိုပါဘူး
အချစ်မရှိတော့လဲ . . . ။ ။

ထာဝရ

အနုအရွ အလှအပတွေနဲ့
အချစ်ကို မွမ်းမံဖို့မလိုတော့လောက်အောင်
ငါတို့အချစ်က ပျက်စီးခဲ့ပြီးပြီဘဲ . . .

တီတီတာတာ စကားလုံးတွေနဲ့
ပလီပလာအပြုံးတွေခိုတွဲ
ဟိုစဉ်ကလို လွှတ်ကဲဖို့လဲ
အခါကနှောင်းခဲ့ပြီ . . .

အကြိမ်တစ်ရာမက ရေရွတ်တဲ့စကားတွေ
ရင်ထဲမှာအပြည့်
အသိတရားက လည်ချောင်းဝကနေ
ပယ်ချပစ်တယ် . . .

ဦနှောက်ကဖွံဖြိုးလာပေမဲ့
နှလုံးသားက သေးမသွားဘူး
အရင်ကလို . . .
မျက်ရေတွေနဲ့ မိုးမလင်းချင်ဘူး
စိတ်ကူးပြောင်းပြီး
" အမုန်းတု " တစ်ခုထဲလဲ
နင့်ကိုထည့်မထားရက်ဘူး . . .

အချိန်စုတ်တံတွေက
ဘ၀ပန်းချီကားကို
စုတ်ချက်ပြင်းတွေနဲ့ ချယ်လှယ် . . .
အရောင်တွေမဖုံးသွားမဲ့ ကဏ္ဍတစ်ခုရှိတယ်
"နင့်ကိုငါချစ်တယ်" ။ ။