Sunday, December 14, 2008

ဆက်လျှောက်

လတစ်ခြမ်းပဲ့ကြွေသွားတောင်
အဲ့လောက်ဝမ်းမနဲဘူး
အတ္တနဲ့အချစ်က
တစ်ကိုယ်လုံးကိုရစ်ပတ်တယ်
ငါလိုချင်တာငါသိတယ်
ငါလျှောက်မဲ့လမ်းငါခင်းတယ်
သေပစေ မှားနေရင်လည်း
နောင်တတော့မရဘူး
နာကျင်လွန်းရင်
ငိုနေလိမ့်မယ်
နောက်ပြန်မလှည့်ဘူး
နံရံတွေကို ကာထားမယ်ဆိုလည်း
ငါ လက်သည်းတွေနဲ့ ကုတ်ခြစ်နေမယ်
လက်တွေပွန်းပဲ့တိုဝင်သွားပစေ
ဂရုမစိုက်ဘူး
ဘ၀တစ်ခုလုံးနဲ့လဲလို့မရနိုင်လောက်အောင်
နင့်နှလုံးသားကဘယ်လောက်
အဖိုးတန်နေလဲ...
အဲ့ဒါလဲ ဂရုမစိုက်ဘူး..
နာကျင်နေတာတော့ တကယ်ဘဲ
ဖွက်ထားတဲ့မာနက
ခေါင်းထောင်လာရင်
ငါ့ရင်ငါအနာခံပြီး ဆုံးမတယ်
ဒီလမ်းကိုတော့ ဆက်မလျှောက်လို့မဖြစ်ဘူး
လမ်းဆုံးဟာ နတ်ပြည်လိုမဟုတ်ဘူး
အဲ့မှာလည်း
သောက်တလွဲတွေတပုံတပင်
ငါသိသားဘဲ
ဒါပေမဲ့ နောက်ပြန်မလှည့်ဘူး
တစ်ခါတစ်ရံ ဆေးခါးတွေက ပိုစွမ်းတယ်
နင့်အချစ်မချိုလည်း
ငါဂရုမစိုက်ဘူး...
အကျိုးမရှိတိုင်း
မလုပ်ရဘူးတဲ့လား...
အင်း....
အရှုံးပေါ်တာတောင် နောက်မဆုတ်ဘူး
လူတကာမေးတဲ့ အကြောင်းပြချက်ကို
စဉ်းစားမရလဲ
ခေါင်းထဲမှာတော့ စွဲနေတယ်..
"ဆက်လျှောက် " ။ ။

No comments: