Monday, September 28, 2009

တောင်ဝင်ရိုးစွန်းဧ။် ဒိုင်ယာရီ

ပြုံးတယ်ဆိုတာ စိတ်ချမ်းသာလို့၊ ပျော်လို့၊ သဘောကျလို့။ ဒါက သဘောရိုးသက်သက်နဲ့ပြုံးတာ။ တစ်ဖြည်းဖြည်းနဲ့သေချာစဉ်းစားမယ်ဆို မနာလိုပြုံး၊ ကောက်ကျစ်ပြုံး၊ စိတ်နာတဲ့အပြုံး၊ အားငယ်တဲ့အပြုံး အစရှိသဖြင့်ပေါ့နော် အပြုံးတွေက အများကြီးရယ်။ ဘ၀က ကြမ်းလာရင် အပြုံးသစ်တွေလဲ အများကြီးပြုံးတတ်လာကြတယ်။ အပြုံးအသစ်တွေရဲ့ အဓိပ္ပါယ် တွေကိုလဲ ဘယ်သူမှမသင်ဘဲ ဖတ်တတ်လာကြတယ်။

အခုတစ်လော ကျွန်မတော်တော်ပြုံးဖြစ်တယ်။ ကိုယ်ပိုင်အိမ်မက်တွေ အားလုံးပျက်စီးသွားပြီးမှ လက်ရှိဘ၀နဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြုံးပြုံးပြရတဲ့အပြုံး။ ကိုယ်ပိုင်အိမ်မက်ဆိုတာ ကိုယ်နဲ့ဘဲ သက်ဆိုင်တဲ့ အိမ်မက်ကိုပြောတာလေ။ မိသားစုအတွက်၊ အခြားသောသူတွေအတွက် မက်ရတဲ့အိမ်မက်မျိုးမဟုတ်ဘဲ ကိုယ့်ဘ၀လေးအတွက်ကိုယ် ယုယုယယ အစီအစဉ်တကျနဲ့ မက်ထားရတဲ့အိမ်မက်မျိုးလေးပေါ့။

ကျွန်မရဲ့ အသက်မပါတဲ့ (ပျော်ရွှင်မှုမပါတဲ့) အပြုံးတွေက နှုတ်ခမ်းထောင့်စွန်းနှစ်ခုကို ဆွဲဆန့်ထားသလိုမျိုး မသက်မသာကြီးပေါ့။ ရင်ထဲမှာ နာနေပြီး မချိပြုံးလဲ ပြုံးဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အပြုံး၊ ခနခန ရိုက်ခတ်လာတဲ့ လောကဒဏ်တွေကို လက်မြှောက်အရှုံးပေးပြီး အရာအားလုံး စွန့်လွှတ်လိုက်ရတဲ့အပြုံး။ အဲ့ဒိအပြုံးတွေ ပြုံးနေရတဲ့ ကျွန်မကိုယ်ကျွန်မ စိတ်ပျက်စွာ၊ စိတ်နာစွာနဲ့ ပြန်ပြုံးပြတတ်သေးတယ်။

ကိုယ့်ဘ၀ကိုယ်စဉ်းစားရင်း မဆီမဆိုင် ကားတိုက်ခံရလို့ ဖင်တရွတ်တိုက်ဆွဲပြီး သွားနေရတဲ့ ခွေးတစ်ကောင်ရဲ့ဘ၀ကိုတွေးရင်း သနားနေမိတယ်။ ဟိုတစ်လောက ရုတ်တရက် ဆုံးသွားတဲ့ ဦးလေးတစ်ယောက်အကြောင်း စဉ်းစားရင်း သူ့ကို အားရ၀မ်းသာ လက်ဆွဲနှုတ်ဆက်ပြီး "အောင်မြင်သွားပြီပေါ့နော်" လို့ပြောလိုက်ချင်တယ်။ ခက်တာက အောက်ပိုင်းသေနေတဲ့ ခွေးတစ်ကောင်လို ချောင်တစ်ချောင် ကပ်ပြီး မှိန်းနေလို့လည်းမရဘူး။ သေတယ်ဆိုတာကလည်း လှိုက်လှိုက်လဲလဲ တမ်းတနေတုန်း ကိုယ့်ဆီတန်းတန်းမက်မက် ရောက်လာမှာမဟုတ်သေးပါဘူးလေ။

အင်း.. သေတယ်ဆိုတာတောင် အခုချိန်တကယ်သေရရင် စိတ်ဖြောင့်အုံးမှာမဟုတ်ပါဘူး။ သံယောဇဉ်တွေ၊ အနှောင်အဖွဲ့တွေထက်စာရင် ကိုယ့်ကိုကိုယ် လူ့တာဝန်မကျေသေးဘူးထင်လို့။ ကြီးကြီးမားမားကြီးတွေ ကြွေးကျော်ပြီး ကမ္ဘာ့ဒုက္ခသယ်တွေ ကယ်ဆယ်မယ် ဘာရယ် ညာရယ်တော့မဟုတ်ဘူးပေါ့။ နှစ်ဆယ့်တစ်နှစ်စာ တည်းခိုခ လောကကြီးကို တစ်ခုခုပြန်ပေးချင်ရုံသက်သက်ပါ။

တစ်ချို့ တစ်ချို့တွေက ပြောတယ်။ လူ့ဘ၀ကို အညွှန့်တလူလူနဲ့ တက်ရမယ့်အချိန် ဘာလို့ဒီလောက်တောင် ညှိုးနွမ်း ပျက်စီးနေရတာလဲတဲ့။ သူတို့မသိဘူး.. ။ ဒီအပင်က အပင်ပေါက်ကတည်းက ရေနွေးပူပူနဲ့ ခနခန လောင်းခံထိတယ်လေ..။ ဖြစ်နိုင်ရင်တော့.. ကျွန်မလဲ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အေးမြတဲ့ သစ်ပင်တစ်ပင် ဖြစ်ချင်တာပေါ့လေ..။ ဘယ်သူနားလည်ပေးနိုင်မှာလဲ။

5 comments:

loveangel said...

nice poem

khaylay88 said...

arr..not a poem ha..
:S

ထိပ်ထား said...

အမ အကြီးကြီးကို ခံစားနားလည်ပေးနိုင် ပါတယ် .
စိတ်ကောင်းရှိတဲ့  ငါ့ညီမလေးဆီကို မိုးနတ်မင်းကြီးက မကြာခင် ဥယျာဉ်မှုးလေး လွတ်ပေးလိမ့်မယ်။
ဥယျာဉ်မှုးလေးရဲ့ ပြုစုယုယကြင်နာဂရုစိုက်မှုတွေကြောင့် ခေးဆိုတဲ့ သစ်ပင်လေးက
အခက်အလက်တွေ၊အသီးအပွင့်တွေနဲ့အတူ
ပီတိအပြုံးကို ဥယျာဉ်မှုးလေးနဲ့ အတူထာဝရ ပြုံးပျော်သွားရ မှာ...

Unknown said...

ခေတ်သစ် သန်းဆွေ ကွ .... အလွမ်း အဆွေး မျက်ရည် မျက်ခွက် ဖြစ်ရမယ့် စာပေ မှန်သမျှ မယ်မင်းကြီးမ အကုန် ရေးနိုင်ပေသည် ။ :D

khaylay88 said...

LOL