Sunday, October 25, 2009

ရန်ကုန်ကို လွမ်းပါသည်

ကျွန်မထိုင်နေတဲ့ ကော်ဖီဆိုင်လေးရဲ့ တစ်ဖက်တစ်ချက် မှန်ပြတင်းပေါက်တွေကနေ မော့ကြည့်လိုက်ရင် ပြာလဲ့လဲ့ကောင်းကင်ကြီး အထဲမှာ တိမ်တိုက်ဖြူဖြူတွေ ညိမ့်ညိမ့်လေး စီးမြောလို့။

ကမ္ဘာမြေတစ်ဖက်ခြမ်းက အဲ့ဒိကောင်းကင်ကြီး အောက်တစ်နေရာမှာဘဲ ကျွန်မရဲ့ မွေးရပ်မြေရှိတယ်လေ။ အဲ့ဒိမြေပေါ်မှာ ကျွန်မဘ၀ရဲ့ အစဦးပိုင်းက ခြေရာလေးတွေရှိတယ်။ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ ကလေးဘ၀က အတိတ်ပုံရိပ်တစ်ချို့လည်း ရှိတယ်။ ကျွန်မရဲ့ နွေးထွေးတဲ့ မိသားစု အရိပ်အမြုံလေးလည်း ရှိတယ်။

အခုအချိန်လောက်ဆို အသက်ကိုးဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျွန်မအဖွားဟာ အိမ်ရှေ့ခန်းတစ်နေရာမှာ သူနှစ်သက်တဲ့ စာအုပ်တွေဖတ်နေမလား။ ဒါမှမဟုတ် သူ့ရဲ့ စန္ဒရားလေးနဲ့ သီချင်းတွေတီးနေမလား။ အမေကကော မီးဖိုချောင်ထဲမှာဘဲ အချိန်ကုန်နေမလား။ အိမ်သန့်ရှင်းရေးတွေနဲ့ဘဲ ပင်ပန်းနေမလားမသိ။ မောင်လေးတွေကော ကျောင်းသွားနေကြမလား။ အိမ်မှာဘဲ ဂိမ်းဆော့ နေကြမလား။

သြော်.. ဟိုဒီမှန်းဆ တမ်းတပြီး လွမ်းတယ်။ အမြဲတမ်းအသက်ဝင် လှုပ်ရှားနေတဲ့ အိမ်ရှေ့က ရွှေဂုံတိုင်လမ်းမကြီးကို လွမ်းတယ်။ အိမ်နောက်က ရခိုင်မုန့်တီနဲ့ ၀က်သားဒုတ်ထိုးကို လွမ်းတယ်။ အဆင်မပြေဘူး ပြောနေကြပေမဲ့ ကျွန်မလေ.. ကျွန်မရဲ့ ရန်ကုန်ကိုလွမ်းတယ်။

ပြက္ခဒိန်တွေကဘဲ ကျွန်မကို ထိန်းချုပ်ထားတာလား။ ကျွန်မကိုယ်တိုင်ကဘဲ ကိုယ့်ဘ၀ကိုယ် ဘောင်ခတ်မိထားတာလား မသိ။ အတွေးပေါင်းစုံချာချာလည်လို့ ကောင်းကင်ပေါ်မော့ကြည့်နေတဲ့ ခေါင်းကို ပြန်တည့်မတ်လိုက်တော့ ဟော... ရန်ကုန်မဟုတ်တဲ့ မြို့ပြဘ၀က သူ့ဟာသူ အလုပ်များနေရင်းက ကျွန်မကို ဘာငေးငိုင်နေတာတုန်း ဆိုတဲ့ ပုံစံနဲ့ လက်ရှိဘ၀ထဲ ပြန်ဆွဲခေါ်တယ်။ အိမ်လွမ်းတာတောင် နာရီကြည့်လွမ်းရတယ်။ ကောင်းရော။

2 comments:

Unknown said...

Ngar lal , yangon pyan chin tal :(

neking said...

ကောင်းကင်ပေါ်မော့ကြည့်နေတဲ့ ခေါင်းကို ပြန်တည့်မတ်လိုက်တော့ ဟော... ရန်ကုန်မဟုတ်တဲ့ မြို့ပြဘ၀က သူ့ဟာသူ အလုပ်များနေရင်းက ကျွန်မကို ဘာငေးငိုင်နေတာတုန်း ဆိုတဲ့ ပုံစံနဲ့ လက်ရှိဘ၀ထဲ ပြန်ဆွဲခေါ်တယ်။

မှန်တယ်... ငါလည်းလွမ်းတယ်...