Thursday, January 7, 2010

အမေ ...

လျှောက်လိုက်ရတဲ့လမ်းတွေ
လင်းလာလိုက် မှောင်သွားလိုက်နဲ့
စောင်းစောင်းကြီးလည်နေတဲ့ ကမ္ဘာပေါ်မှာလေ

အမေရယ်...
ခြေထောက်နှစ်ချောင်းက
တစ်နေရာနဲ့တစ်နေရာ မြန်မြန်ဆန်ဆန်ရောက်ဖို့
အရမ်းအသုံးဝင်တယ်ဆိုပေမဲ့
တစ်ခါတစ်လေတော့လည်း
ကျွန်မ မောလာပြီ

အမေ့မေတ္တာတွေနဲ့ သန္ဓေတည်လာတဲ့
မျက်လုံးလေးတွေ ၊ မျက်ကြည်လွှာလေးတွေက
သာယာတဲ့ လောကကြီးကို ကြည့်မြင်နိုင်ဖို့ဆိုပေမဲ့
တစ်ခါတစ်လေ...
အမေ့သမီး မျက်လုံးတွေမှိတ်၊ နားတွေပိတ်ပြီး
အိပ်ပျော်လိုက်ချင်တယ်အမေ...

အနှီးထုတ်ကလေးနဲ့တုန်းက
ကျွန်မကိုထွေးပွေ့ထားရင်း
ပါးပြင်နုနုကို ခပ်ဖွဖွလေးတို့ထိရင်း
အမေ့ သမီးအတွက်
မျှော်လင့်ချက်အိမ်မက်တွေ တသီကြီး မက်ခဲ့မယ်ဆိုတာ
ကျွန်မသိတာပေါ့ အမေရယ်...

ဟိုးအရင် ဆယ်စုနှစ်တွေက
ကလေးချော့တေးလေးတွေ
ကျွန်မညတွေမှာ ခပ်တိုးတိုး လွင့်မျောနေဆဲပါ...

လူလားမြောက်လာတဲ့
အရာရာကို တတ်သိနေပြီလို့ထင်တဲ့
အမေ့သမီး အတွက် အမေ အမြဲ ဂုဏ်ယူနေပေမဲ့
တစ်ချို့လူတွေကတော့
ပါးမွှားတစ်ကောင်ကို ဖိခြေသတ်သလို
ကျွန်မ ကို အိမ်မက်ဆိုးတွေ ပေးတယ် အမေရယ်..

အလိုမကျမှုတွေကြုံတိုင်း
ဆူပူသောင်းကျန်းတတ်တဲ့ ကျွန်မကို
ခခယယ အပြုံးနဲ့ အမေ အမြဲ စိတ်ချမ်းသာအောင်လုပ်ပေးတတ်ပေမဲ့
အခု...
ကျွန်မ ဒူးထောက်ခေါင်းငုံ့နေတာတောင်
တစ်ချို့လူတွေက အနိုင်ပိုင်းချင်သေးတယ် အမေရယ်...

အမေနဲ့ ဝေးတဲ့အချိန်
အထီးကျန်ပေမဲ့
မပြည့်စုံပေမဲ့
ဘ၀က ခါးသက်ပေမဲ့
ခနခန လဲကျပေမဲ့
......
ကျွန်မ ကြိုးစားပါ့မယ်

အမေ နှစ်မြှုပ်ခဲ့တဲ့ နှစ်တွေအတွက်
အမေ ပေးဆပ်ခဲ့တဲ့ အရာတွေအတွက်
အမေ မျှော်လင့်ခဲ့တဲ့ အိမ်မက်တွေအတွက်

အမေ ကျွန်မကို ထွေးပွေ့ခဲ့သလို
အမေ ကျွန်မအတွက် ကာကွယ်ခဲ့သလို

အမေ့ကို ကျွန်မ စောင့်ရှောက်ချင်တယ်... ။ ။

2 comments:

neking said...

ကဗျာလေးမှာ...ကာယကံရှင်လေးရဲ့သဘောထားနူးညံ့မှုလေး တွေနဲ့... အမေ့အပေါ်ချစ်တတ်တဲ့...စိတ်လေးတွေကိုခံစားမိပါတယ်..
အမေ့ကိုချစ်တတ်တဲ့သူတိုင်းဒီလိုပါပဲဗျာ.... ဝေးနေပေမယ့်.အလှမ်းကွာနေပေမယ့်.အားမငယ်ပါနဲ့... မိဘမေတ္တဆိုတာအလျားအနံမရှိပါဘူး..ကိုယ်ဘယ်ရောက်ရောက်ကိုယ့်မိဘတွေကို သတိရရင်ရင်ထဲမှာနွေးထွေးလုံခြုံသွားတာသတိရမိမှာပါ..

မိုးခါး said...

ဖတ်လို့ အရမ်းကောင်းတာပဲ
ခံစားရတယ် .. ပျော်ရွှင် ချမ်းမြေ့ပါစေး))